မော်လမြိုင် ၊ မတ် (၁၅)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်း ထိုင်းနိုင်ငံနယ်စပ်အနီး ဝါးတောနဲ့ဆင်ဖြူတိုင်ရွာကြားမှာ မတ်လ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီလက်အောက်ခံတပ် ၂၆၇ နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ ကော်လာဖိုးတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဒဏ်ရာရရှိခဲ့သလို လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။



တိုက်ပွဲအတွင်း စစ်ကောင်စီထံက RPG ၁ လက်၊ ၆၀ မမ ၂ လက်၊ MA 2 ၄ လက်နဲ့စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။


အဲဒီတိုက်ပွဲအတွင်း ဒေသခံ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ တချို့ ရှိတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကြောင်း လှုပ်ရှားနေပြီး ခရီးသွားပြည်သူတွေကိုလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.