မော်လမြိုင် ၊ မတ် (၁၅)

ကိုဗစ်ကြောင့် ၁၀ ရက်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ပစ္စည်းဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ရှိ ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးနောက် တရုတ်ဘက်က ကုန်သွယ်ရေးဂိတ် ပိတ်ထားခဲ့တာ ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တာပါ။

ကုန်သွယ်ရေးဂိတ် ပိတ်ထားခဲ့ရတဲ့အတွက်ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး လုံးဝ ရပ်ဆိုင်းခဲ့ပြီး ဖရဲ၊သခွား၊ကြက်သွန်၊ငရုတ်၊ဆန်၊ဆန်ကွဲအပါအဝင် ကုန်ကား အစီးရေ ၄၀၀ ကျော် ပိတ်မိခဲ့သလို ကုန်ပစ္စည်းအများစု ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကုန်သည်တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အခုက တန်းစီရတာနဲ့၊ပိုးသတ်တာနဲ့ စရိတ်တွေက မနည်းဘူး၊ကုန်ကျနေပြီ။ဟိုရောက်လို့ရှိရင် ဒီပစ္စည်းတွေက လွှင့်ပစ်ရတဲ့အနေအထား ရောက်သွားပြီလေ။အဲဒီအခါကျ ကုန်သည်လည်း ဆုံးရှုံးမယ်။လာရောင်းတဲ့ တောင်သူလည်း ဆုံးရှုံးတယ်”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကုန်ပစ္စည်းတွေကို တရုတ်ဘက်က ဆေးဖျန်းတာတွေအပြင်၊ယာဉ်မောင်းတွေနဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေမှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီးမှ တင်းသွင်းခွင့်ပြုနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို အနည်းဆုံး နောက်ထပ် ၂ ရက်လောက်မှ တရုတ်နိုင်ငံထဲ တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ထပ်ရောက်လာမယ့် ကုန်ပစ္စည်းတွေကိုတော့ မတ်လ ၁၆ ရက်နေ့မှာ စတင် တင်သွင်းခွင့်ပြုမယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“တစ်ချို့ငရုတ်သီးကားတွေဆို ပြန်လှည့်သွားတယ်။ဗမာပြည်ကို ပြန်ဆင်းသွားတယ်။အကြာကြီးမစောင့်နိုင်တော့။ဖရဲသီး၊သခွားသီးကားတွေကတော့ တစ်ချို့ အထားခံတဲ့ကားတွေကျတော့ စောင့်‌ဆိုင်းနေပါတယ်။အခုလိုပြန်ဖွင့်တဲ့အချိန်မှာလည်း ပုပ်လွယ်၊သိုးလွယ်ဖြစ်တဲ့ ဖရဲကားတွေ၊ သခွားကားတွေ ၊ငရုတ်သီးစိမ်းကားတွေ၊ကြက်သွန်ကားတွေကို နံပါတ်တစ် ဦးစားပေးစနစ်အနေနဲ့ တရုတ်နိုင်ငံထဲကို ကျွန်တော်တို့ က ဝင်ခွင့်ပြုနေတာပါ”လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်ဘက်ကနေ ပြည်တွင်းကို လျှပ်စစ်ပစ္စည်း အပါအဝင် ဓာတ်မြေသြဇာတွေကို အဓိက တင်သွင်းနေတာပါ။

မြန်မာဘက်ကတော့ ဖရဲ၊သခွား အပါအဝင် စိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.