ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြို့အတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဆန္ဒပြလူငယ်တွေကို ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ သပိတ်ခေါင်းဆောင်တွေက တောင်းဆိုလိုက်တာပါ။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆန္ဒပြလူငယ်တွေ နေထိုင်ရာ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် ဆန္ဒပြလူငယ် ၇ ဦး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ တစ်ဦး သေဆုံးသွားတာပါ။

ဒါကြောင့် ရပ်ကွက်တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆန္ဒပြလူငယ်တွေ ရှိသလားလို့ မေးမြန်းလာခဲ့ရင် ပြည်သူတွေအနေနဲ့ မမြင်ဘူး၊ မတွေ့ဖူးဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ သပိတ်ခေါင်းဆောင် တစ်ဦးက တိုက်တွန်းတာပါ။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဆန္ဒပြလူငယ်တွေကို လမ်းကြုံရင် ကြုံသလို ကူညီကာကွယ်ပေးဖို့နဲ့ ဆန္ဒပြနေတဲ့ အချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မလာခင် လှမ်းပြီး သတိပေးတာတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုတာပါ။

ရန်ကုန်မြို့က လူငယ်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို လက်မခံကြောင်း နေ့စဉ်နဲ့အမျှ ပြောက်ကျားသပိတ်တွေ ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေသလို အဲလို ဆန္ဒထုတ်ဖော်ရာမှာ မကြာခဏဆိုသလို ပစ်ခတ်ဖြိုခွင်းခံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- လူငယ့်ခေတ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.