မော်လမြိုင် ၊ ဇန်နဝါရီ (၃၀)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဌဖြစ်သူ ပဒိုစောရွှေမောင်းဟာ ရာထူးတာဝန်ကနေ နှုတ်ထွက်ပြီး အနားယူသွားတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

ခရိုင်ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုစောရွှေမောင်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကေအဲန်ယူ-ဒူးပလာယာခရိုင်ရဲ့ အရေးပေါ်အစည်းအဝေးမှာ ရာထူးတာဝန်ကနေ နှုတ်ထွက်ပြီး အနားယူသွားတာ ဖြစ်ပါတယ်။

ကေအဲန်ယူ ဖွဲ့စည်းပုံအရ ဥက္ကဋ္ဌ တစ်ယောက်ဟာ ကျန်းမာရေးကြောင့် ဖြစ်စေ တခြားအကြောင်းကြောင်းကြောင့် ဖြစ်စေ အနားယူခွင့်ရှိတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“ ဖွဲ့စည်းပုံအရတော့ ကျန်းမာရေးကြောင့်ဖြစ်စေ ၊ အခြားအကြောင်းကြောင့် ဖြစ်စေ ဆက်လက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့ရင် အရေးပေါ်အစည်းအဝေးခေါ်ပြီး အနားယူလို့ ရပါတယ်” လို့ ဆိုပါတယ်။

ခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ ရာထူးက အနားယူသွားတဲ့အတွက်ကြောင့် KNLA တပ်မဟာ ၆ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ်စောဆာမိက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်ဆောင်တဲ့ နီးစပ်သူ တစ်ဦးဖြစ်တဲ့ ပဒိုစောရွှေမောင်း ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်တဲ့ ဒူးပလာယာခရိုင်နယ်မြေထဲမှာတော့ လေးကေကော်မြို့သစ်နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ဘေးရှောင်တွေ သောင်းချီ ထွက်ပြေးနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.