မော်လမြိုင် ၊ ဇန်နဝါရီ (၃၀)

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက အသံတိတ်သပိတ် Silent Strike မှာ မပါဝင်ဖို့ ကွမ်းယာဆိုင်ကအစ ဆိုင်ခန်းတွေကို အတင်းဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဖိအားပေး ခြိမ်းခြောက်နေပါတယ်။

အဲဒီလို လက်မှတ်ထိုးခိုင်းရာမှာတော့ တချို့ရပ်ကွက်တွေမှာ ရာအိမ်မှူးတွေက လိုက်လံ ဆောင်ရွက်နေပြီး၊ တချို့ရပ်ကွက်တွေမှာတော့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အတင်းဓမ္မ လက်မှတ် ထိုးခိုင်းနေတာ ဖြစ်ပါတယ်။

လက်မှတ်ထိုးခိုင်းရာမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဖြစ်မနေ ဆိုင်ဖွင့်ဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ပိတ်မယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ အကြောင်းကြားပြီး ခွင့်ပြုချက် ရယူကြဖို့ ဖိအားပေးလာတယ်လို့ ဆိုင်ပိုင်ရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ဘာတွေ ပြောလည်းဆိုတော့ ဆိုင်ဖွင့်ဖို့ပေါ့နော် နောက်ပြီး သူတို့ကလေ CRPHတို့ ဘာတို့နဲ့ မဆက်သွယ်ဖို့နဲ့ နောက်ပြီးတော့ မဖွင့်လို့ရှိရင် အရေးယူမယ့်အကြောင်း သူတို့ စာလေးတစ်ခု ပေးသွားတယ်၊ အနောက်ကတော့ တစ်ယောက်ကတော့ သေနတ်ကိုင်ပြီး ပါတယ်တဲ့၊ ဘယ်လိုရှိလည်း ဆိုတော့ တချို့တွေက ထိုးပေးတာပေါ့ကွာ၊ ထိုးပေးတယ် ဆိုတာက ထိုးပေး လိုက်ရတာပေါ့၊ သူက ဆိုင်မဖွင့်ရင် အရေးယူမှာကို၊ ကွမ်းယာဆိုင်တွေရော ဘာတွေရော အဲ့ဒီနေ့မှာ မဖြစ်မနေ ပိတ်ရမယ် ဆိုလို့ရှိရင် အုပ်ကြီးကို သွားပြောတဲ့ ဆိုလို့ အမတို့တောင် အုပ်ကြီးကို သွားပြောရအုံးမယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက အသံတိတ်သပိတ် Silent Strike မှာ ပါဝင်မယ့် ဈေးဆိုင်တွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ၅၀၅ (က)၊ အီလက်တရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က) အပြင် တည်ဆဲ ဥပဒေတွေနဲ့ပါ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် အသံတိတ်သပိတ် Silent Strike မှာ ပါဝင်ဖို့ လှုံဆော်သူတွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေကိုလည်း နိုင်ငံတော်ပိုင် သိမ်းဆည်းသွားမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက်နေပေမယ့် ပြည်သူတွေ အများစုကတော့ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ နိုင်ငံတဝှမ်း ပြုလုပ်မယ့်အသံတိတ်သပိတ် Silent Strike မှာ ပါဝင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.