မော်လမြိုင် ၊ ဇန်နဝါရီ (၂၂)

 မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါး ကာလအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ဆင်းရဲတွင်း ပိုနက်လာတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ILO ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါးကာလအတွင်းမှာ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၂ သန်းကျော်ထိ ရှိလာတယ်လို့ ဆိုထားပါတယ်။

 အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ဆက်တိုက်မြင့်တက်လာရတာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပ ရင်းနှီး မြုပ်နှံမှု  လုပ်ငန်းတွေ ပြန်လည် ထွက်ခွားသွားတာနဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်း အများစု ရပ်နားလာရတဲ့ အခြေအနေတွေနဲ့ အဓိက သက်ဆိုင်နေတာပါ။

လက်ရှိမှာတော့ အလုပ်သမားအများစုဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် အငတ်ဘေး ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“အလုပ်သမားတွေရဲ့ လုပ်ခဝင်ငွေနဲ့ စားဝတ်နေရေး မမျှတတဲ့ ပြသနာ ရှိနေဆဲ ပြသနာပေါ့၊ အဲ့ဒီပြသနာ ဖြစ်နေတဲ့ ကာလမှာတင် တစ်ခါ အလုပ်အကိုင်တွေ ဆုံးရှုံးသွားတဲ့ အခါကျတော့ စားသောက် နေထိုင်ရေးထက် ကျော်လွန်လာတဲ့ လူမှုအကြပ်အတည်းတွေ ဖြစ်တာပေါ့နော်၊ ပြောမယ်ဆိုရင်တော့ အငတ်ပြသနာ ဆိုက်လာတာတွေ ချွေတာစားသောက် ရတာတွေ တခြား အလုပ်အကိုင်တွေကို ရှာဖွေပြီးတော့ မတည်ငြိမ်တဲ့ အခြေအနေတွေ အများကြီး ဖြစ်တာပေါ့၊ ဒီဂရက် ရိုက်ခတ်မှုကတော့ ပြောမယ်ဆိုရင် တော်တော် ကြီးတယ်ပေါ့နော်၊ တဖက်ကတော့ ဆင်းရဲမွဲတေမှု ပိုဖြစ်လာတာပေါ့၊ ဆင်းရဲတွင်း ပိုနက်လာတာပေါ့၊ ဒီပြဿာနာ ရင်ဆိုင်ရတာပေါ့”လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ILO ရဲ့ အဆိုအရ အလုပ်လက်မဲ့ ဒဏ်ကို အမျိုးသမီးတွေဟာ အမျိုးသာထက် ပိုမို ခံစားနေရတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ အထည်ချုပ်လုပ်ငန်း အပါအဝင် ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းက အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်တာပါ။

မွန်ပြည်နယ်မှာတော့ အဲဒီလုပ်ငန်းတွေက အလုပ်သမား ၆၀ ရာခိုင်နှုန်းထက်မနည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးလာမှုဟာ လူငယ်တွေအပေါ်မှာလည်း သက်ရောက်မှု ကြီးမားနေပါတယ်။

လက်ရှိမှာတော့ လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးလာလို့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေ ပိုဖြစ်လာတယ်လို့ လူငယ်အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“လက်ရှိ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း အခြေအနေကတော့ မရှိသလောက် ရှားသွားတယ်ပေါ့၊ အခက်အခဲတွေ ကတော့ အများကြီး ဖြစ်နေတယ်၊ အခုမှ မဟုတ်ဘူး ကိုဗစ်ကာလ ကတည်းက ဖြစ်ခဲ့တဲ့ဟာ (၂၀၁၉)ကျော် (၂၀၂၀) အဲ့ဒီကာလ ကတည်းက ဖြစ်ခဲ့တဲ့ဟာက အာဏာသိမ်းပြီးတော့ ပိုပြီးတော့ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေ အခက်အခဲတွေက ပိုပြီးတော့ များလာတယ်လေ၊ ဒီတစ်နှစ် ပြည့်တဲ့ အချိန်အခါ ရောက်လာတဲ့ အခါကြတော့ လူငယ်တွေက တော်တော်လေ ပျက်စီး ယိုယွင်းမှုတွေ များလာတယ်၊ အလုပ်တွေ မရှိတော့ဘူး” လို့ ဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလားတဲ့အတွက်ကြောင့် အမျိုးသမီးတချို့ဟာ ခန္ဓာကိုယ်နဲ့ ရင်းပြီး ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်လာမှုတွေ မြင့်တက်လာ သလို အမျိုးသားတွေကလည်း အလုပ်အကိုင် မရှိတဲ့ အတွက် လုယက်မှု၊ ခိုးမှုနဲ့ ရာဇဝတ်မှုတွေကို ပိုမို ကျူးလွန်လာကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ မိသားစု စားဝတ်ရေး အခက်အခဲနဲ့အတူ ကလေးသူငယ်တွေမှာ အာဟာရ ချို့တဲ့မှုတွေကို ရင်ဆိုင်နေရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ILO ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ လာမယ့် ၆ လအတွင်း အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.