မော်လမြိုင် ၊ ဇန်နဝါရီ (၂၀)

 မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါး ကာလအတွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒေဝါလီခံရမယ့် အခြေအနေကို ရင်ဆိုင်နေရပြီးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

 ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ ငွေကြေးတန်ဖိုး ကျဆင်းပြီး ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာလို့ ကုန်ကြမ်းပစ္စည်းတွေနဲ့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

အခုလို ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေ  ဈေးနှုန်းမြင့်တက်နေတဲ့ အတွက်ကြောင့် လုပ်ငန်း အများစု အရှုံးပေါ်နေတဲ့အပြင် ဘဏ်တွေကနေ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရတဲ့အတွက်ကြောင့် ရေရှည်မှာ ဒေဝါလီ ခံရမယ့် သဘော ရှိနေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က အစိုးရ လုပ်ငန်းလုပ်တော့ အစိုးရမှာ ကျွန်တော်တို့က ဒေသ ပေါက်ဈေးနှုန်းတွေနဲ့ ဘယ်လိုမှ မကိုက်တော့ဘူးလေ၊ သူတို့ပေးထားတာက ဘိလပ်မြေဆိုရင် (၇၀၀၀) အဲ့လောက်ပဲ သူတို့ပေးထားတာလေ၊ အခုဆို ဘိလပ်မြေတွေက (၈၀၀၀)ကျော် တစ်အိတ် (၁၅၀၀) (၂၀၀၀)ဆိုတော့ လုပ်ငန်းက ဘယ်လိုမှ လည်ပတ်လို့ အဆင်မပြေတော့ဘူး၊ နောက်တစ်ခုက ဘဏ်မှာ ငွေထုတ်ရတာလည်း အဆင်မပြေတဲ့ အနေအထားမှာ ကျွန်တော်တို့ ဆောက်လုပ်ရေး သမားတွေကတော့ ရေရှည်မှာ ရပ်တည်ဖို့က မလွယ်တော့ဘူး၊ ဒီအတိုင်း သွားရင်တော့ လုပ်ငန်း တော်တော်များများ ရပ်သွားမယ့် သဘောရှိတယ်၊ ပြောရရင်တော့ ဒေဝါလီခံမယ့်သူက များနေတာပေါ့”လို့ ဆိုပါတယ်။

 လက်ရှိမှာတော့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေဈေးနှုန်းဟာ အရင်က တစ်အိတ် ကျပ် ၅၀၀၀ ကနေ အခုအခါမှာတော့ တစ်အိတ် ကျပ် ၉၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်လာပါတယ်။

 ဒါ့အပြင် ကျောက်တစ်ကျင်းမှာလည်း ကျပ် ၄၀၀၀၀ ကနေ ၆၀၀၀၀ နီးပါးလောက်ထိ ဈေးနှုန်း မြင့်တက်လာသလို သံ၊ သွပ် ၊ အုပ် ၊ သဲကအစ ဈေးနှုန်း ၂ ဆ နီးပါးမြင့်တက်နေပါတယ်။

အခုလို ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် လုပ်ငန်းတွေ ရပ်နားထားတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အလုပ် ထပ်မလုပ်ဘူး ရပ်ထားလိုက်တယ်၊ ဈေးတက်လို့ပေါ့လေ ကုန်ဈေးနှုန်းတက်တော့ ငွေကလည်း ထုတ်ရ ခက်တယ်ဆိုတော့ လုပ်ရင်လည်း ဆုံးမှာပဲဆိုတော့ မလုပ်တော့ဘူး ခဏနားထား လိုက်တာပေါ့၊ ဈေးတွေ ကျရင်တော့ ပြန်လုပ်မှာပေါ့”လို့  ဆိုပါတယ်။

 လက်ရှိအချိန်ထိတော့ ဆောက်လုပ်ငန်းရေး လုပ်ငန်း ၅၀ ရာခိုင်နှုန်းထက်မနည်း ရပ်နားလာကြပြီး ဖြစ်ပါတယ်။

ကျန်တဲ့ ဆောက်လုပ်ငန်းရေး လုပ်ငန်းတွေကတော့ လက်ကျန်ပစ္စည်းတွေနဲ့ လုပ်ငန်း မပျက်အောင် ထိန်းပြီး သွားနေကြပေမယ့် ပစ္စည်းလက်ကျန် ပြတ်ရင် လုပ်ငန်းတွေ ရပ်နားရတော့မယ်လို့ ဆိုပါတယ်။

 မွန်ပြည်နယ်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို မှီခိုလုပ်ကိုင်ကြတဲ့ ဆောက်လုပ်ရေး လုပ်သား သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပြီး၊ လုပ်ငန်းတွေ ရပ်နားလာတဲ့အတွက်ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီ’ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.