မော်လမြိုင် ၊ ဇန်နဝါရီ (၁၉)

ကရင်နယ်ခြားစောင့်တပ် BGF အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းနေရင် တွေ့တဲ့နေရာမှာ တိုက်ခိုက်သွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်စခန်း တစ်ခုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က ပထမဦးဆုံးအကြိမ် အရေးယူတဲ့ အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့  KNLA  တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။

 BGF တပ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းပြီး ပြည်သူတွေ ဒုက္ခပေးနေမယ်ဆိုရင် တွေ့တဲ့နေရာမှာ တိုက်ခိုက်သွားမယ်လို့ KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ စစ်ကောင်စီက စစ်ကူခေါ်တဲ့အခါ BGF တွေက ကူညီပံ့ပိုးပေးတယ်။ အဲ့လိုကူညီရာမှာ ပြည်သူတွေရဲ့ အိုးအိမ်စည်စိမ်တွေ ပျက်စီးအောင် လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ စစ်ကောင်စီတပ်တွေကို ဆက်လက်ကူညီနေမယ်ဆိုရင် သူတို့ကို စစ်ကောင်စီတပ်တွေနဲ့ တတန်းတည်းထားပြီး ကေအဲန်ယူ တပ်မဟာ (၅) အနေနဲ့ တွေ့တဲ့နေရာမှာ တိုက်ခိုက်ဖို့ ဖြစ်လာလိမ့်မယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ BGFနယ်ခြားစောင့်တပ်အနေနဲ့ စစ်ကောင်စီနဲ့ မပူပေါင်းဖို့၊ ကူညီမှုတွေ မပြုလုပ်ဖို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ကေအဲန်ယူတပ်မဟာ ၅ က သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။

သတိပေးစာ ထုတ်ပြန်ပြီး ၅ ရက်အကြာမှာတော့ KNLA တပ်မဟာ (၅) ပထမဆုံးဦးအနေနဲ့ BGF တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

ကေအဲန်ယူ တပ်မဟာ ၅ ဖာပွန်ခရိုင်ထဲမှာ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ အာဏာသိမ်းစစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က အယောက် ၅၀ ကျော်သေဆုံးပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.