မော်လမြိုင် ၊ ဇန်နဝါရီ (၁၉)

 မွန်ပြည်နယ်မှာ စပါးဈေးနှုန်း ပြန်လည် မြင့်တက်လာပေမယ့် တောင်သူတွေ လက်ထဲမှာ စပါးလက်ကျန် မရှိတော့တဲ့ အတွက်ကြောင့် အကျိုးအမြတ် မရကြဘူးလို့ တောင်သူတွေက ပြောပါတယ်။

 စပါးဈေးနှုန်းဟာ အရင် စပါးပေါ်ကာလမှာ ပေါ်ဆန်း တင်း (၁၀၀) ကို ကျပ် ၉ သိန်းဝန်းကျင်မှာသာ ရှိခဲ့ရာမှ ဇန်နဝါရီလအတွင်း တင်း(၁၀၀) ကို အမျိုးအစားအပေါ်မူတည်ပြီး ကျပ် ၁၁ သိန်းကနေ ၁၃ သိန်းလောက်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

 စပါး ဈေးနှုန်း ပြန်လည် မြင့်တက်လာပေမယ့် စပါးပေါ်ကာလကတည်းက စပါး ရောင်းချထားပြီး ဖြစ်လို့ အကျိုးအမြတ် မရှိဘူးလို့ တောင်သူ တစ်ဦးက ပြောပါတယ်။

 “ တောင်သူတွေ ရောင်းလိုက်တဲ့ အချိန်မှာ ပေါ်ဆန်းမွေး (၁၀၀)ကို (၉)သိန်း လောက်ပဲရှိတယ်၊ ကျွန်တော်တို့ ပေါ်ဆန်းမွေး ဆိုရင်လည်း တစ်ဧကမှာ အများဆုံး သူသီးရင် (၅၀)(၆၀)လောက်ပဲ သီးတယ်၊ ဒါပေမယ့် ဒီနှစ်အဖို့ရာမှာတော့ တော်တော်များများတော့ လျော့ကြတယ် စပါးအထွက်နှုန်း လျော့တယ်၊ စပါးအထွက်နှုန်း လျော့တော့ (၄၀)(၅၀)လောက်ပဲ သီးတာပေါ့၊ ဒါပေမယ့် အဲ့ဒီသွင်းအားစုတွေ ဓာတ်မြေဩဇာတွေ ကြီးလာတဲ့ အပေါ်မှာ အကျိုးအမြတ်တော့ နည်းတာပေါ့” လို့ ဆိုပါတယ်။

တဖက်မှာတော့ တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ၂ ဆ နီးပါး မြင့်တက်လာတာနဲ့ စပါးအထွက်နှုန်း လျော့ကျခဲ့တဲ့အတွက်ကြောင့် စပါးတောင်သူ အများစု အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

 စပါးဈေးနှုန်း ပြန်လည်မြင့်တက် လာရတာဟာ မိုးစပါး စိုက်ပျိုးချိန်ကာလမှာ ပိုးကျပြီး စပါးတွေ အထွက်နည်းခဲ့သလို စပါးဝယ်ယူတဲ့ နေရာမှာလည်း အချိန်အတွယ် အပြောင်းအလဲအပေါ် မူတည်ပြီး ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ စပါးကုန်သည် တစ်ဦးက ပြောပါတယ်။

 “ သေချာတာက လျော့တာတော့ မှန်တယ်၊ ရှင်းရှင်းပြောရင် စက်သမားက ပေါင်ချိန်ယူတယ် စပါးတစ်ပေါင်ကို စပါးတစ်တင်က အမှန်က (၄၆)ပေါင် ရှိတယ်၊ (၄၆)ပေါင် ရှိတဲ့နေရာမှာ တချို့ကုန်သည်က ဈေးကို ပိုပေးလိုက်တယ်၊ ပိုပေးပြီးတော့ သူက (၅၅)ပေါင်တို့ (၅၇)ပေါင်တို့ (၅၈)ပေါင်တို့ လောက်ထိ ယူတယ်၊ တချို့ကလည်း ပေါင်(၄၀) (၅၀)လောက် ယူတဲ့သူလည်း ရှိတယ်၊ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ စပါးဈေးက ကွာတယ်”လို့ ဆိုပါတယ်။

 လက်ရှိမှာတော့ စပါးဈေးနှုန်း ပြန်လည် မြင့်တက်လာမှုနဲ့ အတူ ပြည်တွင်း ဆန်ဈေးကွက်မှာလည်း ပေါ်ဆန်းဈေးနှုန်းဟာ စပါးပေါ်ကာလထက် တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ လောက်ထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

 စပါးကုန်သည်တွေကတော့ ပြည်ပဆန်မှာယူမှု မြင့်တက်လာရင် စပါးဈေနှုန်းထက်တက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ စပါးစိုက်ဧက ၇ သိန်းကျော် ရှိတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.