မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

 မွန်ပြည်နယ်အတွင်းက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေဟာ အရှုံးပေါ်နေလို့ ငါးဖမ်းရာသီမကုန်ခင် ၄ လ အလိုကတည်းက လုပ်ငန်းတွေ  ရပ်နားလာရတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကမ်းနီးကမ်းဝေးက ငါးဖမ်းလုပ်ငန်းတွေဟာ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ငါးအထိအမိ နည်းလာတာနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်လာတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲ့တာကြောင့် မွန်ပြည်နယ်အတွင်းက ကမ်းနီးကမ်းဝေးက ငါးဖမ်းစက်လှေ ၃၀ ရာခိုင်နှုန်းထက် မနည်း အရှုံးပေါ်ပြီး ရာသီမကုန်ခင် လုပ်ငန်း ရပ်နားခဲ့ရပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေ အရှုံးပေါ်ပြီး အခုလို ရပ်နားခဲ့ရတာကြောင့် လာမယ့်နှစ် ငါးဖမ်းရာသီမှာ လှေတွေ ပြန်ထွက်ဖို့ပင် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ငါးလုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ငါးက မပါတော့ဘူး၊ ငါးမပါတော့ရင် စားရိတ်ရှုံးတယ်။နားမယ့်လှေနဲ့ရပ်မယ့် လှေတွေက လာမယ့်နှစ်တွေမှာ ပြန်ထွက်နိုင်ဖို့က တော်တော်ခက်မယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင် ငါးဖမ်းဆီးမှုတွေကြောင့်လည်း ပင်လယ်ပြင်အတွင်း ငါးရရှိမှုဟာ ယခင်နှစ်တွေထက် သိသိသာသာ ကျဆင်းလာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါကြောင့် ငါးသယံဇာတတွေကို အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်နေပြီး မထိန်းသိမ်းနိုင်ရင် လာမယ့်နှစ်တွေမှာ ငါးရရှိမှု သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ ငါးသယံဇာတ ထိန်းသိမ်းနေသူတွေက ပြောပါတယ်။

“ တစ်နှစ်ထက်တစ်နှစ် ပိုပိုလျော့လာတယ်။ တစ်နှစ်ကို မသိမသာ နှစ်ရာခိုင်နှုန်းလောက် လျော့နေပြီး သုံးနှစ်ဆိုရင်တော့ သိသိသာသာ ခြောက်ရာခိုင်နှုန်းအထိ လျော့လာတာပေါ့” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ကမ်းနီးကမ်ဝေး ငါးဖမ်းလှေပေါင်း ၃၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ငါးဖမ်းစက်လှေတွေ လုပ်ငန်း ရပ်နားလာတဲ့အတွက်ကြောင့် အလုပ်သမား ထောင်နဲ့ချီ မိသားစု စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။

မွန်ပြည်နယ်ဟာ နှစ် ငါးတန်ချိန် တစ် သိန်းကျော် ထွက်ရှိနေတာဖြစ်ပြီး၊ ထွက်ရှိလာတဲ့ ငါးတွေကို တရုတ်နိုင်ငံဆီ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.