မော်လမြိုင် ၊ ဇန်နဝါရီ (၁၄)

 
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားလို့ ထိုင်းကုန် ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ အနီးမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

 အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် နယ်စပ်ဂိတ်တွေ ပိတ်ထားရပြီး ကမ်းကူးလို့ မရတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဈေးကွက်မှာ ပြတ်လတ်သွားလို့ ဈေးနှုန်းမြင့်တက်လာရတာလို့ ကုန်သည် တစ်ဦးက အခုလို ပြောပါတယ်။

 “တက်တာတော့ ယိုးဒယား ပစ္စည်း အကုန် တက်တာပဲ၊ ကုန်ပစ္စည်း ဈေးတက်တာ တိုက်ပွဲ အခြေအနေ ကြောင့်ပါ၊ ကားခရီး လမ်းခရီး နောက် မဲဆောက်ဘက်က ပစ္စည်းတွေ ဒီဘက်ကမ်းကို အလွယ်တကူ ဝင်လို့မရဘူး၊ ကမ်းပိတ်ထားတာ ကြောင့်ပါ၊ ပစ္စည်းက ရှားနေတာပေါ့၊ ဈေးတွေက အရင် ကိုဗစ်ဖြစ်ထဲက တက်နေတာပါ ဒီအခြေအနေ အနေအထားနဲ့ပေါ့ နည်းနည်းတော့ ပိုသွားတာပေါ့ တမယ်ကို တစ်မျိုးကို (၁၀၀၀) (၁၅၀၀)လောက် ဖြစ်တာပေါ့”လို့ ပြောပါတယ်။

 ဒါ့အပြင် နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် မဲဆောက်ဘက်မှ ကုန်ပစ္စည်း ဝင်ရောက်မှု မရှိသလောက် နည်းပါးလာပြီး လက်ရှိမှာတော့ မြဝတီမြို့ အတွင်းမှာ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေကိုသာ ဈေးကွက်အတွင်း ပြန်လည် ဖြန့်ဖြူး နေရတာ ဖြစ်ပါတယ်။

 ထိုင်းကုန်ပစ္စည်းတွေမှာတော့ အလှကုန်၊ အဝတ်အထည်နဲ့ အခြေခံစားသောက်ကုန်ကအစ ဈေးနှုန်းမြင့်တက်လာတယ်လို့ ကုန်ပစ္စည်း ရောင်းချနေသူ တစ်ဦးက ပြောပါတယ်။

“အကုန် တက်တာပေါ့၊ အထည် ဆိုလို့ရှိရင်လည်း (၃၀၀၀) တန်ကို (၅၀၀) တက်တယ်၊ (၆၀၀၀) တန်ဆို (၁၀၀၀) တက်တယ်၊ အလှကုန် တွေလည်း အကုန်လုံး တူတူပဲ၊ ငွေဈေးနဲ့ပဲ လည်းပြီး ဝယ်ရတာဆိုတော့ အဲလိုမျိုး၊ မျက်လုံးတို့ ဘာတို့လေ စားစရာတွေ ဆိုရင် အရင်ကဆို မျက်လုံးဆို (၂၀၀) အခုဆို (၄၅၀) အဲ့လိုမျိုးတွေ ဖြစ်သွားတာလေ၊ ဆီတွေလည်း အဲ့လိုပဲပေါ့ အိမ်သုံး ပစ္စည်းတွေလည်း အဲ့လိုမျိုး တက်တယ်၊ အကုန် တက်တာကို၊ ဆားကအစ ယိုးဒယားဘက်က ဝင်တာကို ဆားတို့ ဆီတို့ အကုန်လုံးကလေ အိမ်နောက်ဖေး မီးဖိုချောင်မှာ သုံးတဲ့ဟာတွေက အကုန်လုံး ယိုးဒယား ပစ္စည်းတွေပဲ ကလေးတွေ စားတဲ့ ခေါက်ဆွဲဘူးတွေ ဘာတွေကအစ ဆိုတော့ ဝင်ငွေနဲ့ ထွက်ငွေနဲ့ သုံးမလောက် ဘူးပေါ့ အဲ့လိုတွေ ဖြစ်နေတာ”လို့ ဆိုပါတယ်။

 အရင်က ထိုင်းကုန် ပစ္စည်းတွေကို နေ့စဉ် ကုန်တင်ကား ရာနဲ့ချီ ကုန်သွယ်ခဲ့ပေမယ့် အခုအခါမှာတော့ တိုက်ပွဲတွေကြောင့် ကုန်ပစ္စည်း ဝင်ရောက်မှု နည်းပါးလာလို့ ကုန်တင်ကား ဆယ်ဂဏန်း လောက်သာ ကုန်သွယ်နေရတာ ဖြစ်ပါတယ်။

 ဒါကြောင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ဂိတ်တွေ ဆက်လက်ပိတ်ထားရရင် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

 မွန်ပြည်နယ်ကိုတော့ ထိုင်းမြန်မာနယ်စပ် မြဝတီကနေ အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ အဓိကဝင်ရောက်နေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.