မော်လမြိုင် ၊ ဇန်နဝါရီ (၁၃)

 
စစ်ကောင်စီက မရမက ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ဆက်တိုက်တွေ့ရှိနေတဲ့အတွက်ကြောင့်  ကျောင်းသား မိဘတွေက ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။

မွန်ပြည်နယ်အတွင်းက အခြေခံ ပညာကျောင်းတွေမှာတော့ ကျောင်းသား၊ ကျောင်းသူတွေ အပြင် ဆရာ၊ ဆရာမတွေမှာပါ ကိုဗစ်ရောဂါပိုး ဆက်တိုက်တွေ့ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောဂါပိုး တွေ့ရှိသူတွေကိုသာ ကျောင်းတက်ရောက်ခွင့် မပြုပေမယ့် ကျန်ရှိတဲ့ ကလေးတွေကို ကျောင်းတက်ခိုင်းနေတဲ့အတွက်ကြောင့် ရောဂါကူးစက်မှုနှုန်း မြင့်တက်လာမှာကို  ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။

 အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျောင်းသူ၊ကျောင်သားတွေ အများကြီး ကျန်ရှိနေတာကြောင့် အစုအလိုက် အပြုံအလိုက် ရောဂါပိုး ကူးစက်လာမှာကို စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

“ မထိုးရတဲ့ ကလေးတွေ အများကြီးပဲ ဒီကလေးတွေပဲ ကျောင်းသွား တက်ရမှာလေ ဒီကလေးတွေ အချင်းချင်းမှာ စုပြီးတော့ ဖြစ်လာမယ် ဆိုရင် ဘယ်သူက တာဝန်ယူပေးမှာလည်း ဒီစစ်ကောင်စီက သူလုံးဝ တာဝန်ယူပေးမှာ မဟုတ်ဘူး၊ တာဝန်ယူ တာဝန်ခံမှုလည်း မရှိ ဒီလို သူလုပ်နေတာက ကျတော့ ကလေးတွေပဲ ဒုက္ခ ရောက်မှာပေါ့၊ ဘာလို့ဆိုတော့  ရောဂါပိုးကလည်း ပြန့်ပွား လာနိုင်တယ် ကိုယ့်မိသားစု ဆီလည်း ရောက်လာနိုင်တယ်၊ ကလေးတွေ အတွက်လည်း စိုးရိမ်နေရတယ်” လို့ ဆိုပါတယ်။

အခြေခံ ပညာကျောင်းတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု မရှိအောင် လုပ်ဆောင် ထားတယ်လို့  စစ်ကောင်စီက ပြောဆိုပေမယ့် လက်တွေ့မှာ ကျောင်းသား၊ကျောင်းသူတွေက အစုအဖွဲ့လိုက် စာသင်ကြား နေရတာတွေနဲ့ ဆော့ကစားတာတွေ ရှိတဲ့အတွက် ရောဂါပြန့်ပွားမှု ပိုမိုမြင့်တက်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးကတော့ညအခြေခံ ပညာကျောင်းတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပေး နေတာဖြစ်တဲ့ အတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

“နေအိမ်တွေကနေ ပြီးတော့မှ ဆက်စပ်မှု ရှိလို့ အခု စိစစ်တွေ့ရှိတဲ့ ဟာတွေ ဆိုလို့ရှိရင် ဒါသတ်မှတ်ထားတဲ့ စိစစ်လို့ ရှိရင် ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်အတိုင်းပေါ့ Quarantine ဆိုရင် Quarantineပေါ့၊ ကျန်းမာရေးဌာနရဲ့ အစီအမံ အတိုင်းဘဲ သူသတ်မှတ်တဲ့ ကာလအတွင်း Quarantine ဝင်ပေါ့၊ ပြီးတော့ ဆေးပြန်စစ်ပြီးလို့ စိတ်ချရပြီး ဆိုတဲ့အချိန် ကျမှ သူတို့က ကျောင်းပြန်တက် စရာရှိတဲ့ သူက ကျောင်းပြန်တက်ပေါ့၊ ဆရာ ဆရာမ တချို့လည်း ဖြစ်တာရှိတယ်လေ အလားတူပါပဲ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အစီအမံအတိုင်းပဲ ကျွန်တော်တို့ လိုက်နာဆောင်ရွက် နေရတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါ ဖြစ်ပွားချိန်မှာ စာသင်ချိန် လစ်လပ်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အချိန်ပို အစားထိုး သင်ကြားပေးနေ သလို ဆရာ၊ ဆရာမ နေရာမှာလည်း ကျန်ရှိတဲ့ ဆရာ၊ ဆရာမတွေက ဆက်လက် သင်ကြားပေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြန်လည် ဖွင့်လှစ်ထားတဲ့ အခြေခံ ပညာကျောင်းတွေထဲက ပေါင်၊ ချောင်းဆုံ၊ မုဒုံနဲ့ ရေးမြို့နယ်ရှိ ကျောင်းတွေက ကျောင်းသူ၊ကျောင်းသား အပါအဝင် ဆရာ၊ဆရာမ ၃၀ နီးပါးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.