မော်လမြိုင် ၊ ဇန်နဝါရီ (၁၃)

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ထိ ရှိလာပြီးလို့ ကေအဲန်ယူနဲ့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ရေးအင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်တာ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဦးရေဟာလည်း အရင်ကထက် ပိုမိုပြားလာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် KNU ဒူးပလာယာခရိုင်နဲ့ ဖာပွန်ခရိုင်က စစ်ရှောင်ပြည်သူ တစ် သိန်းကျော်ဟာ ထိုင်းနိုင်ငံ အပါအဝင် နီးစပ်ရာ ဒေသနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

 လက်ရှိမှာတော့ တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေများစွာ လိုအပ်နေပြီး အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေ ပိုမို လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ‌ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

 “  အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် စောင်တွေ ဘာတွေနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေတယ်။ အဟာရဖြည့်စွက်စာတွေနဲ့ မွေးကင်းစ ကလေးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ခရိုင် ၇ ခုထဲမှာ ဘားအံခရိုင်ကလွဲပြီး ကျန်တဲ့ခရိုင်တွေအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာဖြစ်ပါတယ်။

 ကေအဲန်ယူရဲ့ တခြားခရိုင်တွေဖြစ်ကြတဲ့ ညောင်လေးပင်၊ ဘိတ်ထားဝယ်နဲ့ သထုံခရိုင်တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၈၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် နေရပ်မပြန်နိုင်သေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်လာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နယ်မြေအခြေအနေတည်ငြိမ်အေးချမ်းမှသာ နေရပ်ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.