မော်လမြိုင် ၊ ဇန်နဝါရီ (၇)

မွန်ပြည်နယ်ထွက် ရာဘာတွေဟာ ဈေးကောင်းရနေပေမယ့် တရုတ်ဘက်က တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ပြည်ပတင်ပို့ဖို့ အခက်တွေ့နေတယ်လို့ ရာဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရာသီအစမှာ တစ်ပေါင်ကို ကျပ် ၉၀၀ ကျော်သာ  ဈေးနှုန်း ရရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်ပေါင်ကို ကျပ် ၁၀၀၀ ကျော်လောက်ထိ ဈေးနှုန်း ရရှိနေတာပါ။

ဒါပေမယ့်  တရုတ်ဘက်က တင်းကြပ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကြောင့် ဆိပ်ကမ်းတွေက တဆင့် တင်ပို့ရောင်းချနေရတဲ့အတွက် အခက်အခဲမျိုး စုံရင်ဆိုင်နေရတယ်လို့ ရော်ဘာလုပ်ငန်းရှင် တစ်ဦးက အခုလို  ပြောပါတယ်။

“ကျွန်တော်တို့က ဂိတ်တစ်ခုပဲ ဖွင့်တယ်၊ ဒါပေမယ့် ဖွင့်တာတောင်မှ ကျွန်တော်တို့က ကိုဗစ်(၁၉)ရဲ့ လုပ်ငန်းစဉ်ရယ် တရုတ်ရဲ့ အခွန်ရဲ့ လုပ်ငန်းစဉ် တွေကြောင့်ပေါ့နော် ဒီကုန်စည် စီးဆင်မှုက မမြန်ဆန်ဘူး ဒါတစ်ချက်ပေါ့နော်၊ ကျွန်တော်တို့က ကိုဗစ်(၁၉) ကာကွယ်ဖို့အတွက် သူတို့က စစ်ဆေးရေးတွေ ဘာတွေ လုပ်ရတဲ့ အခါကျတော့ စရိတ်တွေက တက်သွားတဲ့ အခါကျတော့ ကုန်သည်တွေက မကိုက်တော့ဘူးပေါဗျာ၊ နောက်တစ်ချက်က ဆိမ်ကမ်းကို သွားတဲ့ အခါကျတော့ ဆိမ်ကမ်းခက ဈေးနည်းနည်း ကြီးနေတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဈေးကောင်း ရနေပေမယ့် ပြည်ပ တင်ပို့ဖို့ အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် အရောင်းအဝယ် အေးနေတယ်လို့ ရာဘာလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

 တဖက်မှာတော့ ရာဘာလုပ်ငန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအာစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ နဲ့ အက်စစ်ဈေးနှုန်း ကြီးမြင့်နေတဲ့အတွက်ကြောင့် တွက်ခြေမကိုက်တဲ့ အခက်အခဲကိုလည်း  ရင်ဆိုင်နေရပါတယ်။

 အခုရာသီမှာ ရော်ဘာအထွက်နှုန်း လျော့ကျလာတဲ့အပြင် ကမ္ဘာ့ရာဘာဈေးကွက်မှာလည်း ဈေးနှုန်း အနည်းငယ် မြင့်တက်လာလို့ ပြည်နယ်အတွင်းမှာလည်း ရာဘာဈေးနှုန်းတွေ မြင့်တက်လာတာလို့ ရာဘာအဝယ်ဒိုင် တစ်ဦးက အခုလို ပြောပါတယ်။

 “လက်ရှိ ရာဘာဈေး RSS5က (၁၀၂၀) တက်လာတယ်၊ ဒီတန်ဈေးပေါ့ ကမ္ဘာ့ဈေးကွက်မှာ တန်ဈေး တက်လို့ တက်တယ်လို့ပဲ အမတို့က ယူဆတယ်၊ ငွေဈေးလည်း နည်းနည်း တက်နေတယ်၊ ငွေဈေးကြောင့်လို့လည်း ထင်တာပေါ့နော်၊ နောက်ပြီးတော့ အထွက်လည်း နည်းလာပြီး အခု ရွက်ခြွေရာသီ ရောက်လာပြီး အထွက်နည်းလာပြီး၊ ပစ္စည်း နည်းလာတယ်၊ ပစ္စည်း ပုံမှန်ထက်ကို အထွက်နှုန်း လျော့လာတယ်လေ”လို့ ပြောပါတယ်။

 ဒါပေမယ့် မွန်ပြည်နယ်ထွက် ရာဘာတွေဟာ အိမ်နီးနားချင်း ထိုင်းနိုင်ငံရဲ့ ဈေးနှုန်းထက်စာရင် အနိမ့်ဆုံး တစ်ပေါင်ကို ကျပ် ၃၀၀ လောက်ထိ ဈေးနှုန်း နိမ့်ကျနေပါတယ်။

မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက ၅ သိန်းကျော် ရှိတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် ရာဘာတန်ချိန် တစ် သိန်း ကျော်ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ရာဘာတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.