မော်လမြိုင် ၊ ဇန်နဝါရီ (၇)

ကော့ကရိတ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးအတွက် စားနှပ်ရိက္ခာအပါအဝင် နေရာထိုင်းခင်းကအစ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

 ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် ကော့နွဲ့ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူလူထု ၂၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရတာပါ။

 တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာကျေးရွာနဲ့ ဆွေမျိုးသားချင်းအိမ်တွေမှာ ယာယီတိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာတော့ စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

“ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် နေရာထိုင်ခင်း အခက်အခဲတွေလည်း ရှိနေတယ်။ နွေးနွေးထွေးထွေး နေနိုင်တဲ့ အခြေအနေမှာ မရှိနေဘူး။ လက်နက်ကြီးတွေကလည်း ဒီကနေ့ အချိန်ထိ ပစ်ခတ်နေဆဲဆိုတော့ အကုန်လုံးက စိုးရိမ်ကြောက်လန့်နေကြတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ဘေးရှောင်တွေကို သွားရောက်ကူညီဖို့အတွက် လမ်းခရီး အခက်အခဲအပြင် လက်လှမ်းမမီတဲ့ခအတွက်ကြောင့် ကူညီပေးဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

 ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုဘက်မှာ အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲအခြေအနေ ငြိမ်သက်နေပြီး ရွာသားတချို့ နေအိမ်ကိုပြန်လာကြပေမယ့် အများစုကတော့ တိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

 ကေအဲန်ယူ ဒူးပလာယာခရိုင် လေးကေကော်မြို့သစ်နဲ့ ကော့ကရိတ်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ အပါအဝင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၁၀၀၀၀ ကျော် ထိရှိလာပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.