မော်လမြိုင် ၊ ဒီဇင်ဘာ (၃၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး စတင် တွေ့ရှိပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့ ကိုဗစ်အရေး ကူညီနေတဲ့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အိုမီခရွန် ရောဂါပိုးကို ဒူဘိုင်းက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးမှာ ရောဂါပိုး စတင် တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် အိုမီခရွန် ရောဂါပိုးဟာ ကူးစက်မှုနှုန်း အရမ်းမြန်တာကြောင့် ပြည်သူတွေ အနေနဲ့ မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့နဲ့ လူစုလူဝေးတွေကို အတက်နိုင်ဆုံး ရှောင်ရှားကြဖို့ ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန် တစ်ဦးက တိုက်တွန်းတာပါ။

“အဓိကတော့ Maskပဲပေါ့၊ Maskကတော့ မဖြစ်မနေ တပ်ရမယ်၊ ကျန်တာတော့ လူစုလူဝေး များတဲ့ ပွဲကတော့ သတိထား ရမှာပေါ့၊ Maskက မဖြစ်မနေ တပ်ရမယ်၊ ဒီအချက်တွေပဲ လုပ်နေရမှာ ဒီထက် အများကြီးလည်း ပိုလုပ်လို့ မရဘူး၊ သူက လေထဲက ကူးစက်တဲ့ ရောဂါ ဖြစ်တဲ့အတွက်ကြောင့် လူစုလူဝေး များလေ ကူးစက်နှုန်း များလေပဲ၊ ဒါကတော့ ဖြစ်နေမှာပဲ”လို့ ပြောပါတယ်။

အိုမီခရွန် ရောဂါပိုးဟာ အရင် Delta ရောဂါ ပိုးထက် အဆပေါင်းများစွာ ကူးစက်မှု မြန်သလို ရောဂါပြင်းထန်မှုလည် ရှိတာကြောင့် ပြည်သူအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

အိုမီခရွန် ရောဂါပိုးဟာ ကာကွယ်ဆေး ထိုးပြီးတဲ့ သူတွေလည်း ရောဂါ ကူးစက်နိုင်ပေမယ့် ကာကွယ်ဆေး ထိုးထားရင် ရောဂါ ပြင်ထန်ခံစားမှုတွေကို လျော့ချနိုင်မှာ ဖြစ်သလို အသက် ဆုံးရှုံးမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်ကပ်ရောဂါပိုး ဖြစ်တဲ့ Delta ရောဂါပိုးကို နေ့စဉ်နဲ့အမျှ တွေ့ရှိနေတာ ဖြစ်ပြီး၊ ဒီဇင်ဘာ ၂၈ ရက်နေ့ထိ ရောဂါပိုး ကူးစက်ခံရသူ ၁၆၅၀၀ ကျော်ရှိပြီး၊ အဲဒီထဲမှာ သေဆုံးသူ ၁၄၀၀ နီးပါး ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.