မော်လမြိုင် ၊ ဒီဇင်ဘာ (၃၀)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ အဓိက လမ်းဆုံမီးပွိုင့်တွေမှာ စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး CCTV ကင်မရာတွေ လိုက်လံတပ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ထားဝယ်မြို့အတွင်း နေရာတွေဖြစ်တဲ့ သရက်ပြင်မီးပွိုင့်၊ ဗဟိုလမ်းဆုံ၊ နဝင်းကြီးလမ်းဆုံ၊ မီးသတ်လမ်းဆုံအပါအဝင် စတဲ့ နေရာ ၁၀ နေရာ ထက်မနည်းမှာ CCTV တွေကို လိုက်လံတပ်ဆင်နေတာ ဖြစ်ပါတယ်။

ထားဝယ်မြို့အတွင်းမှာ အခုလို CCTV ကင်မရာတွေ လိုက်လံ တပ်ဆင်တာဟာ ဒေသခံ PDF အဖွဲ့တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

CCTV ကင်မရာ တပ်ဆင်ရာမှာလည်း စစ်ကောင်စီဘက်က လာရောက် ကြည့်ရှု့သူတွေကို မောင်းထုတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ထားဝယ်ဒေသခံတွေကတော့ စစ်ကောင်စီက အခုလို CCTV ကင်မရာတွေ လိုက်ခံ တပ်ဆင်နေတဲ့အတွက်ကြောင့် စိုးရိမ်မှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထားဝယ်ပြောက်ကျားတပ်ဖွဲ့က ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ သွားလာနေတဲ့နေရာတွေ၊ ဖမ်းဆီးစစ်ဆေးနေတဲ့ နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပေါက်ကွဲမှုတွေ အချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် ရှောင်ရှားပြီး သွားလာကြဖို့ သတိပေးပြီးနောက် စစ်ကောင်စီဘက်က CCTV ကင်မရာတွေ တပ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင် အပါအဝင် နိုင်ငံတဝန်းက မြို့အများစုမှာ CCTV ကင်မရာတွေ လိုက်လံတပ်ဆင်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.