မော်လမြိုင် ၊ ဒီဇင်ဘာ (၂၈)

လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် အရှုံးပေါ်ပြီး ဘဏ်ချေးငွေ ပြန်မဆပ်နိုင်လို့ မွန်ပြည်နယ်က အဝေးပြေးယာဥ်လုပ်ငန်းတွေရဲ့ ကားတွေကို ဘဏ်တွေက သိမ်းယူနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးရိုက်ခတ်မှုတွေကြောင့် မြန်မာငွေကြေးတန်ဖိုးကျဆင်းပြီး သွင်းကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဆီဈေးနှုန်းပါ မြင့်တက်လာတာကြောင့် ယာဥ်လုပ်ငန်းတွေ အခက်တွေ့နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့အတူ ကိုဗစ်-၁၉ ကန့်သတ်မှုတွေကြောင့် ခရီးသွားလာသူ နည်းပါးနေတဲ့အတွက် အဝေးပြေး ယာဥ်လုပ်ငန်းတွေ အရှုံးပေါ်နေတာလည်း ဖြစ်ပါတယ်။

အဝေးပြေးယာဥ်လုပ်ငန်းတွေမှာ အများစု အသုံးပြုနေတဲ့ ကားတွေကလည်း ဘဏ်ချေးငွေနဲ့ ဝယ်ယူထားတဲ့အတွက် အရှုံးပေါ်ပြီး ချေးငွေ ပြန်မဆပ်နိုင်တဲ့အခါ ဘဏ်တွေက ပြန်လည်သိမ်းယူနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို သိမ်းယူရာမှာ ကနဦးအနေနဲ့ ချေးငွေပြန်ဆပ်တဲ့ကာလကို (၃)လ ဆိုင်းငံ့ပေးထားပြီး (၃)လကျော်လို့ ပြန်မဆပ်နိုင်ရင်တော့ ကားတွေကို သိမ်းယူနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဘဏ်ကို လစဉ်ကြေး သွင်းရတယ်ဗျာ၊ အရင်ဆုံး ကနဦးပေးငွေ အရင် သွင်းရတယ်၊ (၃၀)ရာခိုင်နှုန်းတို့ (၄၀)ရာခိုင်နှုန်းတို့ ကနဦးပေးငွေ အရင်သွင်းရတယ် အဲ့တာတွေ သွင်းပြီးတော့မှ လစဉ်သွင်းငွေကို ပေးရတယ်၊ အခု လစဉ်သွင်းငွေက ဒီလို အချိန်မျိုးတွေမှာ လစဉ်သွင်းငွေက ဘယ်သူမှ မပေးနိုင်တဲ့ အခါကျတော့ (၃)လ ဆိုင်းတာတို့ ဘာတို့ (၃)လနဲ့ မသွင်းဘူးဆိုရင် ကားပြန်သိမ်းတာတို့ စာနိုတစ်စာ ထုတ်ပြီးတော့ ခြိမ်းခြောက်တာတို့ ဒါမျိုးတွေ ရှိတာပေါ့”လို့ ပြောပါတယ်။

ဘဏ်တွေဟာ မော်တော်ယာဉ်တွေ သိမ်းယူရာမှာတော့ အရင်က ကနဦး ပေးငွေနဲ့ အရစ်ကျ သွင်းထားတဲ့ ပေးငွေတွေကိုတော့ ယာဉ်ပိုင်ရှင်တွေဆီ ပြန်လည် ပေးဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ဘဏ်ချေးငွေနဲ့ ဝယ်ယူထားတဲ့ မော်တော်ယာဉ်တွေဟာ အနည်းဆုံး ယာဉ်လိုင်း တစ်လိုင်းကို ကားအစီးအရေ ၂ စီး ထက်မနည်း သိမ်းယူခံနေရတာ ဖြစ်ပါတယ်။

အဝေးပြေးယာဉ်လုပ်ငန်းတွေ တွက်ခြေမကွက်ဘဲ အရှုံးပေါ်နေတဲ့ အခြေအနေမှာ အခုလို ကားအသိမ်းခံရတာဟာ ယာဉ်လိုင်းလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့ပင် အခက်အခဲ ရှိလာတယ်လို့ ယာဉ်လုပ်ငန်းရှင်  တစ်ဦးက ပြောပါတယ်။

“ဆီဖိုးတွေ အများကြီး တက်လာတယ်၊ တက်လာတဲ့ ဟာတွေ တော်တော်များများ ဖြစ်လာတယ်၊ ဖြစ်လာတဲ့ အခါကျတော့ ဘယ်သူမှ မကိုက်ကြဘူး။ မကိုက်တဲ့ အခါကျတော့ ဒီကြားထဲမှာမှ ဒီလိုမျိုးတွေ ဘဏ်တွေနဲ့ အဆင်မပြေ ဖြစ်လာတဲ့ ဟာတွေက ၊  ဖြစ်တဲ့အခါ ကျတော့ လက်ရှိ အုံနာတွေ အနေနဲ့ကတော့ တော်တော်လေးကို ဘေးကြပ်နံကြပ် အကုန် ရိုက်နေကြတာ ကြီးပဲ။ သူတောင်းစား ခွက်ပျောက်တဲ့ ပုံစံမျိုးပဲ၊ လုပ်ငန်းကို ဒါလေးနဲ့ လည်ပတ်ပြီး လုပ်စား နေပါတယ်ဆိုမှ ဒါကို ပြန်သိမ်းမှတော့ ဘာသွားလုပ်စားလို့ ရမလဲ ၊ ဘာမှလုပ်စားလို့ မရဘူး ဒါပါပဲ”လို့ ယာဉ်လိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခုလို မော်တော်ယာဉ်တွေ သိမ်းယူခံရတဲ့အတွက်ကြောင့် ယာဉ်လိုင်းတချို့ ကတော့ ခရီးစဉ် ပြေးဆွဲမှု လျော့ချလာကြပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြား တိုင်းနဲ့ပြည်နယ်ကို ပြေးဆွဲနေတဲ့ အဝေးယာဉ်လိုင်း ၇၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.