မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) 

စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ  ငွေကြေးထုတ်ယူခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့လို့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ခဲ့ရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရနေတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်း အများစု မလည်ပတ်နိုင်တော့ဘဲ လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။

လည်ပတ်နေတဲ့ လုပ်ငန်းတွေကလည်း ဘဏ်တွေကနေ ငွေးကြေအလွယ်တကူ ထုတ်ယူလို့ မရတဲ့အတွက်ကြောင့် အလုပ်သမားတွေကို လုပ်ခလစာပေးဖို့ပင် အခက်အခဲ ရှိလာတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ပိုက်ဆံထုတ်လို့ မရတော့ အလုပ်လုပ်ဖို့ ထပ်မလုပ် နိုင်တော့ဘူးလေ၊ ခက်ခဲတာပေါ့ ပိုက်ဆံမှ မရတာ၊ နောက်အလုပ် လုပ်လို့ ပိုက်ဆံရလည်း သိန်း(၁၀၀)ရရင် (၁၀)သိန်းပဲ ထုတ်ရမယ်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်ရ အခက်အခဲ ဖြစ်တာပေါ့၊ အလုပ်သမားခတောင် မပေးနိုင်တဲ့ ဟာမျိုး ဖြစ်နေတယ်၊ ကုမ္ပဏီ တစ်ခုကို (၁၀)သိန်းပဲ ရတယ် အဲ့ဒီမှာ ထုတ်တာ ဘယ်လိုမှ အဆင်မပြေဘူး၊ မလုပ်တော့ဘူးလေ ရှိတဲ့ ပိုက်ဆံပဲ ရတဲ့ဟာလေးပဲ သွင်းထုတ် နေတဲ့သဘောရှိတယ်”လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

 လက်ရှိမှာတော့ စစ်ကောင်စီက ကုမ္ပဏီ တစ်ခုကို တစ်ပတ်မှာ ကျပ် သိန်း ၂၀၀ ထုတ်ယူခွင့် ပြုထားပေမယ့် ဘဏ်တွေ ကတော့ တစ်ပတ် ၁၀ သိန်းသာ ထုတ်ပေးနေပြီး၊ တချို့ အပတ်တွေဆိုရင် ငွေကြေး မလုံလောက်တဲ့အတွက် လုံးဝ မထုတ်ပေးတာတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေးရာမှာလည်း ရာခိုင်နှုန်းပေးပြီး လဲနေရတဲ့အတွက် ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“အရင်ကဆို ရာခိုင်နှုန်းတွေက မနည်းဘူး (၆)တို့ ဘာတို့လောက်ထိ ဖြစ်တယ်၊ ညီမတို့ကကျတော့ Online လုပ်တယ်ဟုတ် Online လုပ်တယ် ဆိုတော့လေ Onlineက ငွေပေးငွေယူကို လက်ခံရတယ်၊ အခုကျတော့ ကိုယ်က ငွေပေးငွေယူကို Onlineက လက်ခံလို့ မရဘဲ ငွေသားပဲ လက်ခံလို့ ရတယ်၊ ကိုဝယ်တဲ့ ဒိုင်ကလည်း ငွေသားပဲ လက်ခံတဲ့အတွက် ကြောင့်မို့ Online Bankingနဲ့ကို သူတို့ မယူတော့ဘူး၊ ထိခိုက်တာမှ (၈၀)ရာခိုင်နှုန်း လောက်ထိကို ထိခိုက်တယ်”လို့ အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် မြန်မာငွေကြေးကို အနည်ဆုံး ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ပေးပြီး လဲလှယ်ဆောင်ရွက်နေရတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ပိုမို ခက်ခဲလာတာ ဖြစ်ပါတယ်။

 ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဘဏ်ဝန်ဆောင် ကန့်သတ်ချက်ကို ဖြေရှင်းနိုင်ခြင်း မရှိရင် ရေရှည်မှာ စီးပွားရေးလုပ်ငန်း အများစု ရပ်နားရဖို့ ရှိနေပြီး၊ နိုင်ငံရဲ့ စီးပွားရေး ဆက်တိုက်ကျဆင်းမှုနဲ့ ကြုံရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.