မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅)
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်က မြို့နယ်တချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက တပ်စွဲခွင့်မပေးတဲ့ ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးတာနဲ့ ကျောင်းပိုင်ပစ္စည်းသိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာ၊ မှန်ကျောင်းဘုန်းကြီးကျောင်းမှာ တပ်စွဲခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ် ဆရာတော်က တပ်စွဲခွင့် မပေးလို့ ကျောင်းပိုင် ကား ၂ စီးကို လိုင်စင်မဲ့ယာဉ်အကြောင်းပြပြီး သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာရှိ ရွာလယ်ဘုန်ကြီးကျောင်းမှာ တပ်စွဲခွင့် မရလို့ ဆရာတော်တစ်ပါးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အခုနောက်ပိုင်း တပ်စွဲမှုတွေ လုပ်ဆောင်ရာမှာ စာသင်းကျောင်းတွေ၊ ဘုန်ကြီးကျောင်း အပါအဝင် ဘာသာရေး အဆောက်အဦးတွေကို အကာအကွယ်ယူပြီး တပ်စွဲတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အဲ့လိုတပ်စွဲထားတဲ့ချိန်မှာလည်း ဒေသခံရွာသားတွေကို မတရားစွပ်စွဲပြောဆိုပြီး ဖမ်းဆီးသတ်ဖြတ်တာ၊ စားနပ်ရိက္ခာအတင်းလုယူတာ၊ ခြိမ်းခြောက်တာ၊ ကျားမအသက်အရွယ်မရွေး ပေါ်တာစွဲ လမ်းပြခိုင်းတာစတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်