ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့သည် ဆိုရွားသောအတိတ်က နေ့ရက်များ ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ရသည်။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော လွန်ခဲ့သောဆယ်စုနှစ်များအတွင်းကဆိုလျှင် လက်ဘက်ရည်ဆိုင်တွင် စကားပြောခြင်း၊ သတင်းထောက်များလုံခြုံရာအရပ်တွင် ပုန်းအောင်းနေရခြင်းစသဖြင့် သတင်းပေးများ အရိပ်အခြည်မှ လွတ်အောင်ရှောင်ခဲ့ရသည်။ ထိုအဖြစ်များနှင့်အတူ မြန်မာနိုင်ငံသည် ပိုမိုအထီး ကျန်လာခဲ့ပြီး စီးပွားရေးကလည်း သူ့အလိုလိုပိတ် ဆို့လာခဲ့တော့သည်။

ရန်ကုန်အလားတူ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းလုပ်ငန်းများသည်လည်း စစ်အာဏာသိမ်းမှုကြောင့် ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့သည်။ မကြာသေးခင်ကပဲ ကျောက်စိမ်းကုန်သည်တဦးက လက်ရှိအခြေအနေများသည် ဆိုးရွားသောနေ့သစ်များနှင့် ပိုတူလာပြီဟုဆိုသည်။

ဖားကန့်ဒေသသည် ဆယ်စုနှစ်များစွာကြာသည်အထိ မြန်မာနိုင်ငံကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၏ ဗဟိုချက်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကာလရှည်ကြာခဲ့ပြီးဖြစ်သော ပြည်တွင်းစစ်၏ဘက်နှစ်ဘက်စလုံးကလည်း အနည်းနှင့်အများဆိုသလို ငွေကြေးရရှိရန် ငြိမ်းချမ်းစွာအတူတကွပေါင်းစည်းခဲ့ကြသည်။

အစိမ်းရောင်သွေးကြောကြီးများ စီးဆင်းလာသောအခါ တိုက်ပွဲများသည်လည်းရပ်တန့်ခဲ့ဖူးသည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ၏သက်တမ်းအရှည်ဆုံးနှင့် လူသူလက်နက်အင်အားစုဖွဲ့မှုအကောင်းဆုံး KIA သည် ကျောက်စိမ်းလုပ်ငန်းများကို ထိန်းချုပ်ရန်ကြိုးစား နေသောမြန်မာစစ်တပ်နှင့် မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်အရပ်သားအစိုးရလက်ထက် ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့သော်လည်း ထင်သလောက်မအောင်မြင်ခဲ့ပေ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစပြီး ဖားကန့်ကျောက်စိမ်းလုပ်ငန်းများတွင် အစုရှယ်ယာများကို မြန်မာစစ်တပ်ကပိုပြီးထိန်းချုပ်လာခဲ့သည်။ Global Witness ၏အစီရင်ခံစာသစ်အရ စစ်တပ်၏ထိန်းချုပ်မှုက မြန်မာစစ်တပ်အား သတ္တုတွင်းလုပ်ငန်းလိုင်စင်သစ်များထုတ်ပေးပြီး ကျောက်စိမ်းထုတ်ယူမှုပမာဏမြှင့်တင်ရန်ခွင့်ပြုထားသည်ဟုဆိုသည်။ ရလာသောအကျိုးအမြတ်များကတော့ မြန်မာစစ်တပ်ဗိုလ်ချုပ်ကြီးများအိတ်ကပ်ထဲသို့ ရောက်သွားမည်အမှန်ပင်။

လွန်ခဲ့သည့်လေးလအတွင်း ဖားကန့်နှင့် ကချင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်ခဲ့ရခြင်းမှာ နှစ်ဖက်စလုံးမှ သတ္တုတူးဖော်ရေးနယ်မြေများကို လုံခြုံအောင်ကြိုးပမ်းခြင်းနှင့် မြောက်ဘက်စွန်းရှိ နိုင်ငံရေးနှင့် သက်ဆိုင်သောစီးပွားရေးကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက်ဖြစ်သည်။

ကျောက်စိမ်းရောင်းဝယ်မှုအများအပြားမှာ တရားမဝင်နည်းလမ်းများသာဖြစ်နေသေးသဖြင့် အတိအကျအစီရင်ခံဖို့မဖြစ်နိုင်သေးပါ။ သိသာထင်ရှားသည်ကတော့ မည်သူမဆို ကျောက်စိမ်းကို မြေပေါ်ဆွဲထုတ်ယူနိုင်ခြင်းက အခြေခံအကျဆုံးသော အကြီးမားဆုံးအကျိုးအမြတ် ဖြစ်နေခြင်းပင်။ မြောက်ဘက်နယ်စပ်တလျှောက်သည် ကျောက်စိမ်းများကို တရုတ်နိုင်ငံသို့ တရားမဝင်တင်သွင်းခြင်းကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသည်။ ကျောပိုးအိတ်ထဲ ခိုးကြောင်ခိုးဝှက်သယ်ဆောင်လာသော ကျောက်စိမ်းအပိုင်းအစက တရုတ်နိုင်ငံရောက်သွားလျှင်ဒေါ်လာသန်းပေါင်းများစွာတန်သည်။ KIA နှင့် မြန်မာစစ်တပ်နှစ်ဘက်စလုံးက အဆိုပါမှောင်ခိုလမ်းကြောင်းမှ ရရှိသော အမြတ်အစွန်းများကိုထိန်းချုပ်ထားသည်။ ကျောက်စိမ်းက စစ်ဘက်စရိတ်ရံပုံငွေနှင့် နိုင်ငံရေးအတွက်အခရာဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြားမြေအောက်စီးပွားရေးလုပ်ငန်းများဖြစ်ကြသော မက်သာဖက်တမင်းထုတ်လုပ်မှု၊ သစ်မှောင်ခိုကူးမှု၊ ဘိန်းကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုကွန်ရက်ကလည်း အလားတူပင် ဖြစ်သည်။ အဆိုပါလုပ်ငန်းများသည် စစ်ဗိုလ်ချုပ်ကြီးများအတွက် အရေးကြီးသောစီးပွားရေးအသက်သွေးကြောလုပ်ငန်းများလည်းဖြစ်သည်။

ကချင်ပြည်နယ်တွင်နေထိုင်သူများအတွက်တော့ ဖေဖော်ဝါရီအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုများက မရေရာမှုများနှင့် ပိုပြီးကြမ်းတမ်းလာစေခဲ့ပါသည်။ ကချင်ပြည်နယ်ရှိ အရပ်သားများ အထူးသဖြင့်ဖားကန့်ကို လည်ပတ်ပေးနေရသော မိုင်းတွင်းလုပ်သားများသည် ကျောက်စိမ်းလုပ်ငန်းနှင့် ပြည်တွင်းစစ်ကြောင့် ဆင်းရဲဒုက္ခများစွာကို အချိုးမညီမျှစွာခံစားနေရပါသည်။ အာဏာသိမ်းချိန်ကစပြီး ရဲနှင့် စစ်တပ်အင်အားတိုးမြှင့်ချထားသည့်အတွက် ကျောက်စိမ်းတူးဖော်သော မြို့များတွင် လုံခြုံရေးတင်းကျပ်လာသည်ဟု မိုင်းတွင်းလုပ်သားတဦးကပြောသည်။

ဖေဖော်ဝါရီလမှစတင်ကာ စစ်တပ်နှင့်ဆက်စပ်သောကုမ္ပဏီများက ဒေသခံလုပ်သားများကို မိုင်းတွင်းဝန်းကျင်သို့ ဝင်ရောက်ခွင့်ကို အပြင်းအထန်ကန့်သတ်လာပြီး သတ္တုတွင်းလုပ်သားအများအပြားသည် တရုတ်နိုင်ငံနှင့် မြောက်ပိုင်းနယ်စပ်တလျှောက်တွင်ရှိသော မိုင်းတွင်းသစ်များသို့ အလုပ်ရှာရန် အများအပြားထွက်ခွာနေကြသည်။

ဒေသခံပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များကတော့ မိုင်းတွင်းများမှထွက်ရှိလာသည်တို့ကို ကြီးကြပ်မှုမရှိသောကြောင့် ရွာပေါင်း ၂၀ ကျော်၏ မြေဆီလွှာနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေပြီး တရားမဝင်ကျောက်စိမ်း တူးဖော်မှုကို ပိုပြီးအရှိန်မြှင့်တက်စေသည်ဟုဆိုသည်။

KIA နှင့် တပ်မတော်သည် တိုင်းပြည်၏ အဖိုးတန်ရင်းမြစ်များကို ထိန်းသိမ်းနိုင်စွမ်းရှိသူများဖြစ်သည်။ သို့သော် မြောက်ပိုင်းနယ်စပ်တလျှောက် ရှားပါးသတ္တုများ အလျင်စလိုတူးဖော်နေမှုများကြောင့် လုယက်မှုများလည်း နိုင်ငံတဝှမ်းဖြစ်ပေါ်နေသည်။ မြန်မာ့နိုင်ငံရေးတွင် အီလစ်များက တိုင်းပြည်၏ အရင်းအမြစ်များနှင့် အမြတ်အစွန်းများကို ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်လျက်ရှိနေပြီး ၎င်းအတွက်မြေပြင်မှ လူများကိုလည်း အမြတ်အစွန်းများများပေးမည်သာ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ဘာမှပြောင်းလဲလာမည်မဟုတ်ပါက ဆိုးရွားသောနေ့သစ်များ ဆက်ပြီးရှိနေလိမ့်မည်သာဖြစ်သည်။

ကြည်ဖြူစံ

Ref:the diplomat

Photo – RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.