မော်လမြိုင် ၊ ဒီဇင်ဘာ (၉)

 မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာရှိ မိန်ဘလာတောင်က ဂျပန်ခေတ် လက်ကျန် ရတနာ ပစ္စည်းတွေကို စစ်ကောင်စီက ပြန်လည် တူးဖော်နေပြီးလို့ ဒေသခံတွေက ပြောပါတယ်။

 စစ်ကောင်စီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး ဥတ္တရမြေ ကုမ္ပဏီကို တူးဖော်ခွင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 ဒါပေမယ့် ကုမ္ပဏီက မိုးတွင်းကာလဖြစ်တာကြောင့် တူးဖော်မှုတွေကို ရပ်နားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ တူးဖော်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ တစ်လကျော်ကတည်းက စတင် ဆောင်ရွက်နေတယ်လို့ ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“စတဲ့ရက်ကတော့ ကျွန်တော်တော့ သိပ်မမှတ်မိတော့ဘူး၊ မိုးကုန်ပြီး ကတည်းကပေါ့၊ ပထမ သူတို့တူးတော့ မိုးရွာ နေသေးတယ် ဆိုတော့ ပြည်နယ်ကနေပြီး စာထုတ်ပြီးတော့ တားထားတာပေါ့၊ တားတော့ မိုးကုန်ပြီး ပြန်မှ အလုပ်လုပ် တာပေါ့၊ လက်ရှိကတော့ သူတို့ပြောတာကတော့ ဂူရအောင် ရှာနေတာပေါ့၊ ဂျပန်ခေတ်ထဲက လုပ်ခဲ့တဲ့ ဂူရအောင် လိုက်ရှာနေတယ် သူတို့အခုထိ တူးနေတုန်းပဲ”လို့ ဆိုပါတယ်။

ဥတ္တရမြေကုမ္ပဏီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို ရှာဖွေဖို့အတွက် ရော်ဘာခြံ တစ်ဧကကို ဝယ်ယူပြီး တူးဖော်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 တောင်တွေကို တူးဖော်ပြီး ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေ ရှာဖွေနေတဲ့အတွက်ကြောင့် ဒေသခံတွေက တောင်ပြိုမှာကို စိုးရိမ်နေတယ်လို့ အခုလို ပြောပါတယ်။

“အန္တရာယ် ရှိတဲ့အပိုင်း ပြောမယ် ဆိုလိုရှိရင်တော့ သဘာဝဘေး အန္တရာယ်တော့ အများဆုံး ရင်ဆိုင်ရမှာပေါ့၊ တောင်ပြိုတာတို့ ဘာတို့ကျတော့ ဒါက သူတို့လုပ်ရင်နဲ့ ဖြစ်ပေါလာတဲ့ ကိစ္စပဲလေ၊ အဓိက ကျွန်တော်တို့ ခံစားရမှာက တောင်ပေါ်ကနေ ဆင်းလာတဲ့ မိုးရေတွေ မိုးတွင်းပိုင်းမှာ ခံစားရမယ့် ဟာတွေ ပြီးသွားရင် တူးဖော်ထားတဲ့ တွင်းတွေ ကျန်ခဲ့မယ် ဆိုရင် ပြန်မဖုံးပဲနဲ့ ထားခဲ့မယ် ဆိုရင် အရင်တုန်းကလည်း လူသေး ဖူးတာပဲလေ အဲ့လို ပြသနာတွေ အများကြီး ဖြစ်နိုင်တာပေါ့”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိန်ဘလာတောင်ရှိ ဂျပန်ခေတ် လက်ကျန် ရတနာ ပစ္စည်းတူဖော်ခွင့်ကို NLDအစိုးရ လက်ထက်က Royal Eagle Myanmar ကုမ္ပဏီကို တူးဖော်ခွင့် ပေးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့တဲ့ အတွက် ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ပိုင်ခွင့် ပြန်လည် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်းရဲ့ ကျန်ရှိခဲ့တဲ့ မြေတွင်း ရေကန်တွေကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် (၃)ဦး ရေနစ် သေဆုံးမှုတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.