မော်လမြိုင် ၊ ဒီဇင်ဘာ (၄)

 မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် ငါးဖမ်းဆီးတာနဲ့ငါးရစ်ငါးသန် ကာလမှာ ငါးဖမ်းဆီးခဲ့တဲ့အတွက်ကြောင့် ငါးသယံဇာတ ရှားပါးလာမှု ပြဿနာကို ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

 လက်ရှိကာလမှာတော့ ငါးဖမ်းဆီးရာမှာ ငါးရရှိမှု လျော့နည်းလာတာ၊ ဖမ်းဆီးရမိတဲ့ ငါးတွေကလည်း အရွယ်အစား သေးငယ်လာတဲ့အတွက်ကြောင့် ရောင်းတန်မဝင်တဲ့ အခက်အခဲကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အခုလို ငါးသယံဇာတတွေ လျော့နည်းလာရတာဟာ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေမှာ တရားမဝင် နည်းလမ်းတွေနဲ့ ဖမ်းဆီးတာတွေအပြင် ငါးရစ်ငါးသန်ကာလမှာ ငါးဖမ်းဆီးခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ငါးသယံဇာတ ထိန်းသိမ်းနေသူ တစ်ဦးက အခုလို ပြောပါတယ်။

“မွန်ပြည်နယ် အနေအထား ကတော့ သဘာဝ သယံဇာတ ငါးနဲ့ပတ်သက်လို့ သဘာဝ သယံဇာတက ကျတာပေါ့၊ ဘာကြောင့် ကျရလဲဆိုတော့ လူတွေရဲ့ ပယောဂပါပဲ သူတို့တွေကလည်း ဥပဒေမဲ့ ကန့်သတ် ထားတာတွေနဲ့ မညီဘဲနဲ့ လုပ်ကြတာကို၊ လျော့နည်းတာကတော့ နည်းမျိုးစုံနဲ့ပေါ့လေ တရားမဝင်တဲ့ နည်းတွေနဲ့ တရားမဝင် ပိုက်ကွက်တွေနဲ့ အသုံးချပြီးတော့ လိုင်စင်မရှိဘဲနဲ့ ဖမ်းဆီးတာတွေ နောက်အဆိပ်ချ ဖမ်းတာတွေ ဘက်ထရီ ရှော့တိုက် ဖမ်းတာတွေ ငါးရစ်ငါးသန် ကာလတွေမှာလည်း ပုံမှန်အတိုင်းကို ဖမ်းဆီးမြဲ ဖမ်းနေတယ် ငါးရစ်ငါးသန် ကာလတွေမှာလည်း အဲ့တာ ဖမ်းတာကို မရပ်ထားပဲ ဒီကာလတွေမှာ နားရမှာ မနားဘဲနဲ့ ဖမ်းဆီးမြဲ ဖမ်းနေတယ်၊ အဲ့ဒီအချက်တွေကြောင့်ပေါ့ အဲ့ဒီအချက်တွေက အဓိက သွားကျနေတယ်”လို့ ဆိုပါတယ်။

တရားမဝင် ငါးဖမ်းဆီးမှုတွေကို ထိန်းချုပ်နိုင်ခြင်း မရှိရင် နောက်နှစ်တွေမှာ ငါးရရှိ လျော့နည်းလာသလို တချို့ငါးမျိုးစိတ်တွေ ရှားပါးလာနိုင်ပြီး၊ မျိုးတုန်းပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။

 လက်ရှိမှာတော့ ငါးရရှိမှု နည်းပါးလားတဲ့အတွက်ကြောင့် ကုန်ကျစရိတ် မကာမိဘဲ အရှုံးပေါ်နေတယ်လို့ ရေလုပ်သား တစ်ဦးက ပြောပါတယ်။

 “ကျွန်တော်တို့ ရေလုပ်သားတွေ အနေနဲ့ ငါးရရှိမှုကို ပြောပါဆိုရင် ကျွန်တော်တို့က စရိတ်ဖိုးတောင် မရဘူးလို့ ပြောရမှာပေါ့ ၊အဓိက ဘာကြောင့် ထင်လဲဆိုတော့ ကျွန်တော်တို့မှာ သံဇကာတွေက ပိတ်တယ် ကျားတွေက ထောင်တယ် ကျားတွေက ဆွဲတယ် ငါးသေးသေးလေးတွေ ကုန်သွားလို့ ငါးကြီးကြီး မရှိတော့လို့ မရတာလို့ ယူဆတယ်ပေါ့နော်၊ ကျွန်တော်တို့ လက်တလော မှာတော့ မိသားစု စားဝတ်နေရေးတွေ ကြပ်တည်း လာတယ်” လို့ ဆိုပါတယ်။

 အာဏာသိမ်း စစ်ကောင်စီဟာ အခုနှစ် ငါးဖမ်းရာသီမစခင် ၁၅ ရက်အလိုမှာ ကမ်းနီးကမ်းဝေးက ငါးဖမ်းဆီးတွေကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် အတွင်းမှာတော့ ငါးဖမ်းလုပ်ငန်းတွေကို ကမ်းနီး ကမ်းဝေး ဆိုပြီး (၂)မျိုးခွဲထားတာဖြစ်ပြီး တရားဝင် လုပ်ကိုင်နေတဲ့ ငါးဖမ်းလှေ (၁၅၀၀)နီးပါး ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.