မော်လမြိုင် ၊ နိုဝင်ဘာ (၂၀)
စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက်ကြောင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေ အရှုံးပေါ်နေတာ ဖြစ်တယ်။
သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေဟာ ဓာတ်မြေသြဇာဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာတာနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနေလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သစ်သီးဝလံတွေ စိုက်ပျိုးပြီး ပြန်လည်ရောင်းချတဲ့ နေရာမှာ ထုတ်လုပ်မှုစရိတ် မကာမိတဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်နေသူ တစ်ဦးက အခုလို ပြောပါတယ်။
“ကျဆင်းနေတယ် ဆိုတာကတော့ ထုတ်လုပ် စရိတ်တောင် မကာမိတော့ဘူး ထင်တယ်၊ ဘာကြောင့်လည်း ဆိုရင် ကျွန်တော်တို့ သုံးရတဲ့ မြေဩဇာတွေဟာ ဈေးမြင့်လာတာ ပါတယ်၊ နောက်တော့ ကျွန်တော်တို့ အသီးတွေဟာ ပုတ်ကုန် အသီးတွေ ဖြစ်တော့ ဈေးကွက်က ဆွဲပြီးထားလို့ ရောင်းလို့လည်း မရဘူး၊ ဥပမာ ဌက်ပျောသီး တို့လိုမျိုး ကျွန်းက ထွက်တာတွေ အဲ့ဒီဥစ္စာတွေလည်း ပါတာပေါ့၊ အဓိကတော့ နိုင်ငံရေး အခြေအနေလည်း ပါတာပေါ့၊ နောက်တော့ သယ်ယူပို့ဆောင်ရေးတွေ ကလည်း ဆီဈေးတွေ ကြီးတော့ ကုန်ကျစရိတ်တွေက တက်တယ် တက်တဲ့အခါ ကျတော့ ကိုယ်ဆီမှာတော့ ဈေးမရှိပေမယ့် နယ်ပို့ရတဲ့ ဆီမှာ ဈေးတွေ အများကြီး တက်တာပေါ့”လို့ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးက ပြောပါတယ်။
တဖက်မှာတော့ နှစ်ရှည် သီးနှံတွေဟာ မြေဩဇာ ဈေးနှုန်း ကြီးမြင့်နေတာကြောင့် အလုံအလောက် မထည့်နိုင်တဲ့အတွက် အထွက်နှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။
သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး ခြံတွေကို မစိုက်တော့ဘဲ ရောင်းချနေပြီးလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“စားဝတ်နေရေး အခြေအနေက တချို့ဆိုရင် ကျွန်တော်တို့ ဆီမှာက တစ်ပိုင်းတစ်နိုင်တွေ များတဲ့အခါကျတော့ ဒီဥယျာဉ်ခြံ သီးနှံ သမားတွေက ခြံကိုမျှော်ကိုးပြီးတော့ လုပ်စားလို့မရတော့ တခြားအလုပ်တွေရှာ တခြားအလုပ်တွေကလည်း မရှိ အဲ့လိုတွေ ဖြစ်နေတာပေါ့၊ စားဝတ်နေရေး အခက်အခဲတွေကတော့ တစ်ချို့က တစ်ဧကလုပ်တယ် နှစ်ဧကလုပ်တယ် အဲ့လိုတောင်သူတွေလည်း ရှိတာကို ခြံတွေ တချို့ဆိုရင် ရောင်းစားကြတယ်၊ မြေကြီးဈေး ကောင်းလာတော့ မြေကြီးရောင်းတယ် ခြံမလုပ်တော့ ဘူးပေါ့” လို့ ဆိုပါတယ်။
ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်လက်ရင်ဆိုင်ရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း မွန်ပြည်နယ်အတွင်းမှာ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှု အပြီးပိုင် ရပ်နားသွားမယ့် အခြေအနေကို ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်ရဲ့ သစ်သီးဝလံကဏ္ဍမှာတော့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ကျွဲကော၊ ဒူးရင်း၊ ကြက်မောက် တို့ကို အဓိကထား စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပြီး၊ ထွက်ရှိလာတဲ့ သစ်သီးဝလံတွေကိုတော့ တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်