မော်လမြိုင် ၊ နိုဝင်ဘာ (၁၉)

အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းယူပြီးနောက် ဘဏ်တွေကနေ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရအောင် ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေဟာ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေဟာ ဆက်ရှိနေတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပါတယ်။

“အာဏာသိမ်းတဲ့ အတွက်ကြောင့်ကို ကျွန်တော်ထင်တာ ဒီဘဏ်စနစ်ကတော့ တော်တော်လေးကို ပျက်စီး သွားတာပေါ့လေ၊ ဘဏ်စနစ်က ဘဏ်က ငွေကို ကိုယ်လိုချင်သလို ပြန်ထုတ်လို့ မရတဲ့ အခါကျတော့ လုပ်ငန်းလည်ပတ်ဖို့ကတော့ တော်တော်လေ ဒုက္ခရောက်တာပေါ့၊ နောက်တစ်ခုက ငွေသားလိုချင်လို့ရှိရင် ရာခိုင်နှုန်း တစ်ခု ပေးနေရတာကို ဒါက အနည်းဆုံး (၅)ရာခိုင်နှုန်း (၆)ရာခိုင်နှုန်း ဆိုတော့ ဘယ်လိုမှ လုပ်ငန်းကို အမြတ်ရဖို့ကတော့ မသေချာ တော့ဘူးလေ၊ ပေးရတဲ့ ရာခိုင်နှုန်းတွေက အမြတ်တွက်က ကုန်သွားပြီး အဲ့တာကြောင့် လုပ်ငန်း လည်ပတ်ဖို့ကတော့ ကိုယ့်ငွေက ဘဏ်မှာရှိရင်တောင်မှ လုပ်ငန်းမှာ ထပ်ထည့်ဖို့ အဆင်မပြေ ကြတော့ဘူးပေါ့လေ”လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ဟာ စီးပွားရေးလုပ်ငန်းတွေ ဆက်တိုက်ကျဆင်းလာအောင် တွန်းပို့နေတာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရလို့ မြန်မာငွေကြေးကို ရာခိုင်နှုန်း အမျိုးမျိုးပေးပြီး လဲလှယ် လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရှိရင်းစွဲလုပ်ငန်းတွေကို လုပ်ဖို့ပင် အခက်အခဲ ရှိလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လုပ်ငန်းလည်ပတ်ဖို့ အရင်းအနှီးလိုတယ် ။ ပိုက်ဆံ ထုတ်မရတော့ ရှေ့တိုးလို့ မရဘူး။ လုပ်ငန်းလည်ပတ်ဖို့က ဘဏ်ကိစ္စတွေနဲ့တင် စိတ်ကုန်သွားပြီး” လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ဖွင့်လှစ်ထားတဲ့ အကောင့်တွေအနေနဲ့ အကန့်အသတ်မရှိ ထုတ်ယူနိုင်တယ်ဆိုပေမယ့် နောက်ပိုင်းမှာ ကျပ်သိန်း ၂၀၀ ထက်ကျော်ရင် ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ရတာဟာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ကို ငွေကြေး အလွယ်တကူ ထောက်ပံ့လို့ မရအောင် လုပ်ဆောင်ရတာလို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.