မော်လမြိုင် ၊ နိုဝင်ဘာ (၁၉)

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းက ဖလံတောင်တိုက်နယ်ဆေးရုံကို ဝင်ရောက်ပစ်ခတ်စီးနင်းတာ မဟုတ်ဘဲ ဆေးတွေလိုအပ်လို့ သွားယူတာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်(BGF) က ငြင်းဆိုလိုက်ပါတယ်။

 ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကေအဲန်ယူ ဘားအံမြို့နယ် ဟတ္တလိုက်ကျေးရွာအုပ်စု ဖလံတောင်ကျေးရွာက ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံကို BGF တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံအတွင်းက ဆေးဝါးတွေနဲ့ လူနာအသုံးအဆောင်ပစ္စည်းတွေကို အဓမ္မသိမ်းယူခဲ့ကာ ဆေးရုံအတွင်းမှာ တပ်စွဲနေထိုင်ခဲ့တယ်လို့ KNU ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် BGF တပ်ဖွဲ့တွေက ဆေးရုံပြတင်းပေါက်၊ မှန်တံခါးတွေနဲ့ ဆိုင်ကယ်တစ်စီးကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ဆေးရုံအတွင်းကို ဘယ်သူမှ ဝင်ရောက်ခွင့်မပေးဘဲ ရွာသူရွာသားတွေ ဝင်ရောက်လာပါက ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောတင်ဝင်းကတော့ ဖလံတောင်တိုက်နယ် ဆေးရုံကို ဝင်ရောက်ပစ်ခတ်စီးနင်းတာ မဟုတ်ဘဲ ရှေ့တန်းမှာ ဆေးတွေလိုအပ်နေလို့ သွားယူတာဖြစ်တယ်လို့ ငြင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ဘက်ကတော့ သေချာတာတခုကတော့ အဲ့လိုမျိုး ပြည်သူလူထုထိခိုက်နစ်နာမယ့်ဟာတော့ မလုပ်ဖို့ ကျနော်တို့အထက်က လူကြီးတွေညွန်ကြားထားတာရှိတာပဲ။ အဲ့လိုမျိုးတော့ မဖြစ်ဘူးလို့ကျနော်ထင်တယ်။ ဘာဖြစ်လည်းကျနော်တို့ဒီဘက်မှာ ပြည်သူလူထုတွေနဲ့ ကျနော်တို့နဲ့ ဒီမှာရှိနေတာပဲဟာ။ ရွာတွေရွာတွေမှာ ရွာတွေမှာရှိတယ် ဘာမှမဖြစ်ပါဘူ။ ပစ်တာခတ်တာတော့ မကောင်းဘူးပေါ့ ။ ဘယ်ဘက်ကမှလည်း အကျိုးမရှိဘူးလေ ဒီအချိန်မှာ။ ပြည်သူလူထုကပဲ ဒုက္ခရောက်မှာပေါ့” လို့  ဗိုလ်မှူးစောတင်ဝင်းက ဆိုပါတယ်။

လက်ရှိမှာ ဖလံတောင်တိုက်နယ်ဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ရဲ့ရန်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

 ဘားအံမြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့ကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် ဒေသခံရွာသူရွာသားတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.