ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတချို့ ၎င်းတို့၏ လုပ်ငန်းများ အပြီးတိုင်ရုတ်သိမ်းခြင်း၊ ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းများပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းများမှာမူ ဘေဂျင်း၏ အရေးပါသော သံခင်းတမန်ခင်း ဖြစ်သည့် ပိုးလမ်းနှင့် ရပ်ဝန်းစီမံကိန်း(BRI) မြှင့်တင်ရန် အခွင့်အလမ်းကိုဆုပ်ကိုင်ထားသည်။
ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် လူထောင်နှင့်ချီသေကြေခဲ့ရပြီး သောင်းဂဏာန်းနီးပါး ဖမ်းဆီးခံထားရသည်။ အကြမ်းမဖက်သောနည်းလမ်းဖြင့်ဆန္ဒပြခဲ့ကြသောမြန်မာပြည်သူတို့သည် ယခုတော့ လက်နက်စွဲ ကိုင်ကာ စစ်အာဏာရှင်များကိုတော်လှန်နေကြသည်။ တနိုင်ငံလုံးဖရိုဖရဲဖြစ်နေပြီး စားဝတ်နေရေးခက်ခဲနေချိန် မျိုးမှာပင် တရုတ်နိုင်ငံကတော့ စစ်ပွဲများကိုအခွင့်ကောင်းယူပြီး ၎င်းတို့အကျိုးစီးပွားအတွက် နယ်မြေချဲ့ထွင်နေကြလေသည်။
မြန်မာနိုင်ငံတွင်လက်ရှိလုပ်ကိုင်နေသော ပိုးလမ်း နှင့် ရပ်ဝန်းစီမံကိန်း (BRI) မဟာဗျူဟာမြောက်စီမံကိန်းများတွင် CITIC မှ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံရင်းနှီးမြှပ်နှံထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မဟာဗျူဟာ အကျဆုံးအစိတ်အပိုင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဆိပ်ကမ်းမြို့သည် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာသို့ ဖြတ်လမ်းတခုဖြစ်နေသောကြောင့်ဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီး BRI သည် ခရီးစဥ်အတွင်း အချက်အခြာအကျဆုံး ဖြစ်ခဲ့လေသည်။ အာဏာမသိမ်းမီတလအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကပင် ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေး ဇုန်များအပါအဝင် BRI စီမံကိန်းများကိုအရှိန်မြှင့်တင်ရန် ဘေဂျင်းမှနေပြည်တော်ကို လှုံ့ဆော်ခဲ့သေးသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ခွင့်ကို တရုတ်နိုင်ငံမှ CITIC ကုမ္ပဏီက ရရှိထားသည်။ ပြီးခဲ့သောစက်တင်ဘာလ ၁၅ တွင် တရုတ်နိုင်ငံမှရှေ့ခြေတလှမ်းတိုးသည့်အနေဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် အကြိုကွင်းဆင်းလေ့လာဆန်းစစ်မှုများပြုလုပ်ရန် တရုတ်ကုမ္ပဏီများဖြစ်ကြသော CITIC နှင့် CCCC FHDI တို့အကြား ဘေဂျင်းမြို့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘဝထိခိုက်မှုများဆိုင်ရာတွင်လေ့လာဆန်းစစ်ရန် အတိုင်ပင်ခံ အဖြစ် ငှားရမ်းထားသောကုမ္ပဏီက ကနေဒါကုမ္ပဏီ HATCH ဖြစ်ကြောင်းနှင့် ၎င်းကုမ္ပဏီနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ CCCC FHDI ကုမ္ပဏီကလည်း ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့် တည် ဆောက်ရေး လုပ်ငန်းပေါင်း ၉ ခုကို လုပ်ကိုင်ခွင့်ရရှိထားပြီး CCCC (China Communication Construction Company) ၏ ကုမ္ပဏီခွဲတခုဖြစ်သည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေသော်လည်း BRI ပရောဂျက်များကို အာဏာသိမ်းစစ်တပ် ၏ အာမခံချက်ဖြင့် ဆက်လက်ဆောင်ရွက်နေပါသည်။ တရုတ်အစိုးရပိုင်သော Power China နှင့် မြန်မာမှ Supreme Group တို့ ဖက်စပ်လုပ်ကိုင်နေသော ကျောက်ဖြူဓာတ်ငွေ့ နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၁၈၀ တန် အဆိုပါစက်ရုံမှစီမံ ကိန်းက ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်များလည်ပတ်ရန် အထောက်အကူပြုမည် ဖြစ်ပြီး စစ်အာဏာရှင်များက ကျောက်ဖြူအထူးစီးပွားရေးဇုန်ကော်မတီကို စီမံကိန်းများ အကောင်အထည်ဖော်ရန် အဖွဲ့ဝင်သစ်များဖြင့် အစားထိုးခဲ့သည်။ ပြီးခဲ့သောမတ်လတွင် ယူနန်ပြည်နယ်၊ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုအဖွဲ့၏ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံတန်ဖိုးရှိ မီးလင်းချိုင့် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် စစ်အာဏာရှင်များက အတည်ပြုပေးခဲ့သည်။ BRI ၏ အခြားသော စီမံကိန်းများသည်လည်း သက်ဆိုင်ရာ လမ်းကြောင်းများပေါ်မှာ ရှိနေကြသည်။
ဘေဂျင်းသည် တာဝန်ယူမှုရှိသောအာဏာပိုင်အဖြစ်ပုံဖော်ရန် စိတ်အားထက်သန်ပုံပေါ်သည်။ BRI သည် အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့် မိတ်ဘက်နိုင်ငံများကိုဆွဲဆောင်နိုင်စေရန်ရည်ရွယ်ထားသည်။ BRI စီမံကိန်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများလည်းရှိနေသည်။အချို့သောနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ဘေကျင်း၏နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုညွှန်ကြားချက်များနှင့် ဖီဆန်နေသည်ဟု အငြင်းပွားကြသည်။ တရုတ်နိုင်ငံကလာရောက်ရင်းနှီးမြှုပ်နှံမည့် အိမ်ရှင်နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာညွှန်ကြားချက်များကိုလိုက်နာမှုအားနည်းသလို လူမှုဘဝထိခိုက်မှုများကိုလည်း လစ်လျူရှုထားလေ့ရှိသည်။ ဤသည်က ဘေဂျင်း၏နိုင်ငံတော်ဗဟိုပြုသော နိုင်ငံခြား ရေးမူဝါဒတွင်အမြစ်တွယ်ကြောင်း ဖော်ပြနေပါသည်။
မြန်မာနိုင်ငံအတွင်း သီးခြားကိစ္စတခုတလေကိုကြည့်လျှင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တရုတ် နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်း ဝမ်ပေါင်၏ပါဝင်ပတ်သက်မှုက အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းဖိအားနှင့် ပျက်စီးဆုတ် ယုတ်မှုတို့ကို ပြန်ပြီးတုန့်ပြန်နိုင်ခဲ့သည်ကိုတွေ့ရမည်။ ထိုကာလသည် အိမ်ရှင်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ စတင်ရာ ၂၀၁၀ ခုနှစ်များဖြစ်သည်။
ပြည်တွင်းဆန့်ကျင်မှုများမြင့်တက်လာသဖြင့် ဝမ်ပေါင်က လူမှုပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင် တိုး မြင့်လုပ်ဆောင်ခဲ့သည်။ ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရသော ရပ်ရွာများ၏တောင်းဆိုချက်ကိုလိုက်လျောဖို့ ဝမ်ပေါင် ဘက်မှာလည်း မက်လုံးအနည်းငယ်ရှိခဲ့သည်။
၂၀၁၀ ခုနှစ်များတလျှောက်လုံး ဝမ်ပေါင်၏စီမံအုပ်ချုပ်မှုများသည် နည်းဗျူဟာပိုင်းအရ လိုက်လျောညီထွေဖြစ် အောင် အနည်းငယ်မျှချိန်ညှိပြီးနောက် ပုံမှန်လုပ်ငန်းသို့ပြန်သွားနိုင်အောင်ပြောင်းလဲခဲ့သည်။ အပြောင်းအလဲများ က ထင်သလောက်မဟုတ်ခဲ့သော်လည်း နေပြည်တော်ဖိအားပေးမှုနှင့် ဆက်စပ်နေသည်။
အောက်တိုဘာ ၂၇ ရက်တွင် အိန္ဒိယ၏ Adani ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်လီမိတက်က စစ်တပ်ပိုင် အလုံဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်လမှစတင်ရုပ်သိမ်းကြောင်း ကြေညာခဲ့ သည်။ အဆိုပါ ကြေညာချက်က အောက်တိုဘာ ၂၆ ရက်တွင်စတင်ခဲ့သော သုံးရက်ကြာမြင့်မည့် အာဆီယံထိပ်သီး အစည်းအဝေး ဆက်လက်ကျင်းပနေချိန်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းအစည်းအဝေးသို့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့ပေ။
အကယ်၍ တဦးတယောက်ကသေချာလေ့လာကြည့်မည်ဆိုပါက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သိသိသာသာလျော့နည်းသွားသည်ကိုတွေ့ရမည်။ ၂၀၁၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDIs)များ၏ ၉၀ ရာခိုင်နှုန်းက အာရှနိုင်ငံများမှဖြစ်ပြီး စီးပွားရေးဆက်ဆံမှုများ ဆက်တိုက် တိုးမြင့်လာကြသူများလည်းဖြစ်သည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ အနောက် နိုင်ငံနှင့် တက်ကြွလှုပ်ရှားသူများ၏ဖိအားများအောက်တွင် ကုမ္ပဏီအများစုက မြန်မာ့ဦးပိုင်လီမိတက် နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းတို့နှင့် စီးပွားရေးကန့်သတ်ထားလိုက်ကြသည်။
၂၀၁၁ ခုနှစ်မှစတင်ပြီး စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင်အကြီးမားဆုံးသောရင်းနှီးမြှုပ်နှံသူဖြစ်သော်လည်း လက်ရှိမှာတော့ စစ်တပ်နှင့်ပတ်သက်သောစီးပွားရေးလုပ်ငန်းအများစုကို ဖယ်ရှားလိုက်သည်။ အလားတူပင် ဂျပန် ကလည်း အာဏာသိမ်းပြီးနောက် ၎င်း၏အကူအညီများရပ်ဆိုင်းခဲ့သည်။ ထို့ပြင် ဂျပန်ကုမ္ပဏီ ၁၈၀ ကျော်၏ ၁၁ ရာခိုင်နှုန်းက စီးပွားရေးလုပ်ငန်းများလည်ပတ်ရာတွင်အခက်အခဲကြောင့် ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းကြောင်း ဖော်ပြခဲ့လေသည်။ လုပ်ငန်းခွင်အတွင်း နှင့် ပတ်ဝန်းကျင်တွင် အကြမ်းဖက်မှုများ ၊ အင်တာနက်ဖြတ်တောက်မှု များ နှင့် ဝန်ထမ်းရှားပါးမှုများကြောင့် ရုံးနေရာများကိုလည်း ပိတ်ပစ်ခဲ့ရသည်။ Adani သည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှနောက်ဆုံးထွက်ခွာရသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ အိန္ဒိယကုမ္ပဏီသည် နိုင်ငံပိုင် ရော ပုဂ္ဂလိကပိုင်ပါ နှစ်မျိုးလုံးစောင့်ကြည့်ခံနေရသည်။
စစ်အာဏာရှင်တွေကတော့ ယခုနှစ်မကုန်မီမှာပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ ရရှိ မည်ဟု ကြုံးဝါးနေသော်လည်း ရယ်စရာသာဖြစ်ပြီး အလှမ်းဝေးနေပါသေးသည်။ သို့သော်ငြား အကြီးမားဆုံး သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူက ဒီမိုကရက်တစ်အစိုးရများမဟုတ်ကြောင်း မှတ်သားထားဖို့တော့ အရေးကြီးပါ သည်။ ဥပမာဆိုရလျှင် တရုတ် နှင့် ထိုင်း။ အာဏာသိမ်းမှုဆိုသည်မှာ အဆိုပါနိုင်ငံများအတွက်တော့ စီးပွားရေး လုပ်ငန်းများ ရပ်နားရလောက်အောင်အထိ ဖြစ်နိုင်စရာအကြောင်းမရှိပါ။
မြန်မာနိုင်ငံတွင်း တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုများ
မြန်မာပြည်သူများက တရုတ်တို့အပေါ် နက်ရှိုင်းသောမကျေနပ်မှုများတိုးလာနေသော်လည်း တရုတ်နိုင်ငံကတော့ ၎င်းတို့၏ ပိုးလမ်း နှင့် ရပ်ဝန်းစီမံကိန်း(BRI) စီးပွားရေးစင်္ကြံအတွက် အစီအစဥ်များဆက်လက်ဆောင်ရွက်လျက်ရှိ နေပါသည်။ နိုင်ငံရေးမတည်ငြိမ်မှုများရှိနေသော်လည်း BRI စီမံကိန်းကို စစ်အာဏာရှင်များ၏အာမခံချက်ဖြင့် ဆက်လက်လုပ်ဆောင်နေပါသည်။
စစ်အာဏာရှင်များက တရုတ် – မြန်မာစီးပွားရေးစင်္ကြံ(CMEC)အောက်တွင် အရေးကြီးသောစီမံကိန်းများစွာ၏ ကော်မတီများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဘေကျင်း နှင့် နေပြည်တော်ကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် စီမံကိန်းများစွာကိုအရှိန်အဟုန်မြှင့်ပြီး စီစဥ်နေပါသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏စီမံကိန်းများ
ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများ၏အကျိုးဆက်က နှစ်ဆဖြစ်သည်။ ပထမအချက်မှာ မြန်မာနိုင်ငံတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းအများအပြားတွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများဖြင့် တရုတ်နိုင်ငံက အာမခံချက်ပေးသည်။ သို့သော် ထိုအာမခံမှုမျိုးက နိုင်ငံ၏အခြေခံအဆောက်အဦ နှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင်သာမက မဟာဗျူဟာမြောက်အဆင့်တွင်ပါ တရုတ်၏ချုပ်ကိုင်မှုကို ပြန်ပြီးခိုင်မာစေပါသည်။ ၎င်းချုပ်ကိုင်မှုက ဒေသတွင်း ဖြည်းဖြည်းချင်းတွန်းအားပေးနေပြီး ယခင်ကသံသယရှိခဲ့သော စစ်အာဏာရှင်များ နှင့် သဘောတူညီမှုရအောင် ညှိနှိုင်းနိုင်စွမ်းရှိလာသည်။
ဒုတိယအချက်မှာ လက်ရှိဆောင်ရွက်နေသောစီမံကိန်းအများစုကို လက်မှတ်ရေးထိုးပြီးအကောင်အထည်ဖော်နေ သည့်အချက်က နိုင်ငံတကာပိတ်ဆို့အရေးယူမှုနှင့် FDI ကျဆင်းမှုများရှိသော်လည်း စစ်အာဏာရှင်တို့က မျက်နှာ ပြောင်တိုက်ပြီး နိုင်ငံဆုတ်ယုတ်အောင်ဆက်လက်အားထုတ်မည်ဟု သန္နိဋ္ဌာန်ချထားပုံကို ပြသနေသည်။
ယခင်တုန်းကတော့ မြန်မာနိုင်ငံသည် ၎င်းတို့၏ဖွံဖြိုးတိုးတက်ရေးဆိုင်ရာဗျူဟာများတွင်ပါဝင်ရန် အိန္ဒိယ နှင့် ဂျပန် တို့ကဲ့သို့သော အခြားနိုင်ငံများကိုကမ်းလှမ်းပြီး ဘေကျင်း၏ပတ်သက်မှုကို ဟန်ချက်ညီအောင် ထိန်းဖို့ ကြိုးစားခဲ့သော်လည်း လက်ရှိကြုံနေရသည့်စစ်အာဏာသိမ်းမှု နှင့် ပြည်တွင်းပြည်ပတုန့်ပြန်မှုများက တရုတ်နှင့် ပိုနီးစပ်အောင် တွန်းပို့ခဲ့လေသည်။ အကယ်၍ အာဏာသိမ်းစစ်အာဏာရှင်များအနေဖြင့် ၎င်းတို့မတရားပိုင်ဆိုင်ထားသော အာဏာကို ဆက်လက်ချုပ်ကိုင်လိုပါက အနောက်နိုင်ငံများနှင့်လည်း ထိတွေ့ဆက်ဆံရန်လိုအပ်သည်။
ပဋိပက္ခဖြစ်နေသောဒေသများတွင်ရှိသော တရုတ်ကျောထောက်နောက်ခံပြုစီမံကိန်းများ အန္တရာယ်ရှိလာနေ သည်ကို တရုတ်တို့သဘောပေါက်ထားသည်။ တရုတ်လုပ်ငန်းများ တိုက်ခိုက်ခံခဲ့ရပြီး ပိုမိုတိုးလာနိုင်သေးသည်။ ဘေကျင်းမီဒီယာများတွင် မြန်မာစစ်အာဏာသိမ်းမှုကိုရှုတ်ချနေပြီး အိမ်နီးချင်းနိုင်ငံကို တည်ငြိမ်အေးချမ်းစွာ ထားဖို့ ဆုံးဖြတ်ထားပုံကိုလည်း ဖော်ပြနေပြန်သည်။ မြန်မာစစ်အာဏာရှင်များက အခြေအနေများကိုထိန်းချုပ်ပြီး စီးပွား ရေးလုပ်ငန်းများဆောင်ရွက်လာနိုင်မည်ဟုလည်း တရုတ်ကမျှော်လင့်နေပုံပေါ်သည်။
အခြားသောနိုင်ငံများကလည်း မြန်မာနှင့်တရုတ်နီးကပ်မှုကြီးထွားလာတာကို သတိထားစောင့်ကြည့်နေကြသည်။ သို့သော် လွတ်လပ်သောရင်းနှီးမြှုပ်နှံမှုများ နှင့် ဖွံ့ဖြိုးရေးတိုးတက်မှုများအတွက်ဆိုလျှင် စစ်မဖြစ်ဘဲလုံလောက် မည်တော့မဟုတ်ပေ။
ကြည်ဖြူစံ
Ref:The Diplomat, Eurasiareview