တော်လှန်သင်္ကြန် အကြိုနေ့ မြင်ကွင်း ( photo - credits)

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇)

အာဏာသိမ်း စစ်ကောင်စီက ကိုဗစ် ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှုနဲ့ အရေးယူနိုင်ဖို့ လျှို့ဝှက် လုပ်ဆောင်နေတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်း ချေးငွေဟာ NLD အစိုးရလက်ထက်က ကိုဗစ်၁၉ ကပ်ရောဂါကာလမှာ ဝန်ထမ်းတွေ အဆင်ပြေအောင် ထုတ်ချေပေးခဲ့တဲ့ အတိုးမဲ့ ဝန်ထမ်း ၂ လစာ ချေးငွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်တွေကို နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစား လုပ်မှုနဲ့ အရေးယူဖို့အတွက် သက်ဆိုင်ရာဌာနအလိုက် စာရင်းပြုစုခိုင်းနေတာ ဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေကတော့ လက်ရှိအချိန်ထိ စစ်ကောင်စီက ချေးငွေပြန်ဆပ်ဖို့ စာပို့တာ မရှိသေးပေမယ့် စာပို့လာရင်လည်း ပြန်ဆပ်မှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“CDM ဝန်ထမ်းတွေက ချေးငွေကို ပြန်မဆပ် ကြလို့ဆိုပြီး သူတို့ကို တနည်းနည်းနဲ့ အရေးယူဖို့ လုပ်တဲ့ သဘောပေါ့၊ အခုက CDM ဝန်ထမ်း စာရင်းတွေ တောင်းနေတယ်၊ သူတို့ပြောတာတော့ တချို့ကို ၅၀၅နဲ့ အရေးယူဖို့ လုပ်ထားတဲ့ အပြင် အခု ချေးငွေ မပေးတဲ့အတွက် နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစား လုပ်မှုနဲ့ပါ အရေးယူနိုင်ဖို့ လုပ်နေတယ်လို့ တော့ သိရတယ်”လို့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေဆီကနေ နိုင်ငံဝန်ထမ်းချေးငွေကို လအလိုက် အောက်တိုဘာလကုန်က စတင် ဖြတ်တောက်နေတာ ဖြစ်ပြီး အခုအခါမှာတော့ ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို အရေးယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ NLD အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်း ၄၀၀၀ ကျော် အတွက် လစာ ချေးငွေ ၁ ဒသမ ၆ ဘီလီယံ နီးပါး ထုတ်ချေးပေးထားတာ ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.