ဘန်ကောက်၊ နိုဝင်ဘာ ၉

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများသည် အရေအတွက်အားဖြင့် များပြား လာခြင်းနှင့် ကိုဗစ် ၁၉ ကူးစက်မှုများ ပျံ့နှံ့လာနိုင်သောကြောင့်  ဆက်စပ်ပြဿနာများနှင့် လုပ်သား ပြတ်လပ်မှု များကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာက အလုပ်သမားဝန်ကြီးဌာန ကို ညွှန်ကြားထားခဲ့ သည်။ 

ဝန်ကြီးချုပ်၏ ညွှန်ကြားချက်နောက်ဆက်တွဲတွင် ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ် သမားအရေးကိုင်တွယ်လုပ်ဆောင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တင်သွင်း အဆိုပြုလွှာများအပေါ် ဆွေးနွေးမှုများကို တနင်္လာနေ့ကတည်းက စတင်ခဲ့သည်ဟု အလုပ်သမားဝန်ကြီး Suchart Chomklin (ဆူချတ်ချွန်ခလင်း)က ပြောကြားခဲ့သည်။ 

၎င်းဆွေးနွေးမှုတွင် အစုအဖွဲ့များအနေဖြင့် အစိုးရ၏ ကိုဗစ် ၁၉ အတိုင်းအတာများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် လိုအပ်နေသော်လည်း တစ်ချိန်တည်းတွင် ရွှေ့ပြောင်းလုပ်သားအရေးအတွက် အစိုးရအဖွဲ့မှ ချမှတ် ထားသော စက်တင်ဘာ ၂၈ ဆုံးဖြတ်ချက်များနှင့်အညီ အကိုးအကားတစ်ရပ်အဖြစ် အသုံးပြု ကာ  ရွှေ့ပြောင်းလုပ်သားများကို စီမံခန့်ခွဲရန်လိုအပ်သည့်အပေါ် ဦးတည်ဆွေးနွေးထားခြင်းဖြစ်ကြောင်း အလုပ် သမားဝန်ကြီးမှ ပြောကြားခဲ့သည်။ 

အဆိုပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ လွန်ခဲ့သော သောကြာနေ့တွင် အတွင်းဝန်ရုံးမှ ဝန်ကြီးဌာနထုတ် ပြန်ချက် တစ်ရပ် ကြေငြာခဲ့ပြီး ၎င်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးဖြစ်သည့် အချို့သော ရွှေ့ပြောင်း လုပ်သားအစုအဖွဲ့များသည် တရားဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ရန်အတွက် စာရင်းသွင်းမှု ကို ခွင့်ပြုထား ပါသည်။ 

အိမ်နီးချင်းနိုင်ငံများမှ နားလည်မှုစာချွန်လွှာစနစ် (MOU) ဖြင့် အလုပ်သမားများစွာကိုခေါ်ယူနိုင်ရေးသည် အစီအစဥ်သစ်တစ်ရပ်ဖြစ်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းဌာနအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းဝန်ရုံး၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် တော်ဝင် ထိုင်းရဲတပ်ဖွဲ့စသည့် အခြားသော နိုင်ငံအဆင့် အေဂျင်စီများနှင့် လာမည့်ကြာသပတေးနေ့တွင် အစည်းအဝေးတစ်ရပ်ကျင်းပနိုင်ရန်အတွက် စီစဥ်လျှက် ရှိသည်။ 

အလုပ်သမားဝန်ကြီးက “ဝန်ကြီးဌာနအနေနဲ့ စီးပွားရေး ကဏ္ဍအများအပြားတွင် ရွှေ့ပြောင်းလုပ်သား ရှားပါး မှုကိစ္စကို လျစ်လျူရှုထားခဲ့ခြင်းမရှိပါဘူး၊ သက်ဆိုင်ရာကိစ္စရပ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များ အတိုင်းပဲ နိုင်ငံရပ်ခြားမှ အလုပ်သမားများကို ခေါ်ယူသွားနိုင်ဖို့ စဥ်းစားနေခြင်းပဲ ဖြစ်ပါတယ်” ဟု ပြော ကြားခဲ့သည်။ 

ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်ရင်း  ဝင်ရောက်လာကြသည့် တရားမဝင် လုပ်သား များမှာ လှိုင်းလုံးသဖွယ်တရေးရေးတက်သည်နှင့် တပြိုင်နက်တည်း အဆိုပါ လူကုန်ကူးမှု ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန် ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန နှင့် အခြားသော လုံခြုံရေးအာဏာပိုင်များနှင့်အတူတကွ လက်တွဲဆောင်ရွက်လျှက်ရှိသည်ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြား ခဲ့သည်။ 

အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ဝန်ကြီးချုပ်ပရရွတ်အနေ ဖြင့်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အထူးစိုးရိမ်ပူပန်မှုရှိသည် ဟု ပြောကြားခဲ့သည်။ 

လွန်ခဲ့သော သီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၏ နိုဝင်ဘာ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်ခြင်း နောက်ဆက်တွဲတွင် တရားမဝင် ဝင်ရောက်မှုနှင့် ဖမ်းဆီးထိန်းသိမ်းခံရသည် ရွှေ့ပြောင်းလုပ်သားဦးရေ ၂၈၀၀ ကျော်ရှိပြီး ၎င်းကိန်း ဂဏန်းသည် အချက်ပေးကိန်းဂဏန်းဖြစ်နေသည် ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

မကြာသေးမီကပင် ဘန်ကောက်၊ စမွတ်ဆာခေါင်နှင့် ချင်းမိုင်ခရိုင်ဒေသန္တရများရှိ ဈေးများတွင် တရား မဝင်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများထံတွင် ရောဂါတွေ့ရှိခဲ့ပြီး ၎င်းအခြေအနေသည်  ကိုဗစ် ၁၉ ပေါက်ကွဲကူးစက်မှုကို စတင်နိုင်သည့် အလားအလာရှိသည်။ 

အဆိုပါပြောရေးဆိုခွင့်ရှိသူက စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထိုင်းနိုင်ငံအတွင်း တရားဝင်ရောက်နှင့် ပြီး ကိုဗစ် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသည့် ရွှေ့ပြောင်းလုပ်သားများကိုသာ ငှားရမ်းခေါ်ယူဖို့ အားပေး တိုက်တွန်းလျှက်ရှိကြောင်း ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.