မော်လမြိုင် ၊ နိုဝင်ဘာ (၇)

လာမယ့် ဒီဇင်ဘာလမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက MOU ရွှေ့ပြောင်းလုပ်သား (၈၀၀၀၀)ကျော် ခေါ်ယူမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့အခြေအနေတွေအရ မဖြစ်နိုင်သေးဘူးလို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတွေက ပြောပါတယ်။

ထိုင်းအစိုးရဟာ ကိုဗစ်ကြောင့် ရပ်တန့်သွားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်သားတွေကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေကို ဘယ်လိုခေါ်ယူမလဲဆိုတဲ့ အသေးစိတ်ညွှန်ကြားချက်တွေ မထွက်လာသေးသလို ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့်လည်း ကြန့်ကြာနိုင်သေးတယ်လို့ မဲဆောက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီနေတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ မဲဆောက်တာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

“အခုကတော့ အသံတွေပဲကြားရတယ်။ တကယ်လုပ်ငန်းအသေးစိတ်ကို ဘယ်လိုခေါ်ယူမယ် အရင်တုန်းကလို ဘယ်နှစ်ရက်နေ့မှာ တစ်သုတ်လာမလဲ ဘယ်နှစ်ရက်နေ့မှာ ဘယ်လိုခေါ်မလဲ ဘယ်ကနေပြီးတော့ ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်း ရှိတဲ့ နေရာမျိုးတွေကို နေရာချထားမှာဖြစ်တယ်ဆိုတာမျိုးတွေ အသေးစိတ်မသိရသေးဘူး။ ထိုင်းက အလုပ်သမားလိုပါတယ် ပြောပြော မြန်မြန်ဆန်ဆန်တော့ ခေါ်ယူတာတွေ တင်သွင်းတာတို့ ဖြစ်လာဖို့ မလွယ်သေးဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ အုပ်စုလိုက်ကြီးအနေနဲ့ ၆ သောင်းကျော်ဆိုနည်းတာမဟုတ်ဘူး”လို့ ၄င်းက သုံးသပ်ပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံအတွင်းမှာ ကိုဗစ်ကူးစက်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမယ် ဆိုပေမယ့် အပြည့်အဝ ထိုးနှံပေးနိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း ဦးမိုးကျော်က ဆိုပါတယ်။

“ထိုင်းနိုင်ငံမှာတောင်မှ ကိုဗစ်ကာကွယ်ဆေး ၄၀ ရာခိုင်နှုန်းပဲထိုးရသေးတယ်။ သူတို့မှာအခက်အခဲအများကြီးရှိတယ်။ ဒီထဲမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်လက်မှတ်တွေရှိတဲ့ အလုပ်သမားတွေကိုတောင်မှ အပြည့်အစုံ ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေမလုပ်နိုင်သေးဘူး။ ကြိုကြားကြိုကြားပဲ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလို့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်နေလို့ ဖမ်းဆီးခံရသူ အမြောက်အများရှိပြီး ဖြစ်ပါတယ်။

အောက်တိုဘာလကုန်ပိုင်းထိ စာရင်းတွေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ အဖမ်းခံထားရသူ သုံးသောင်းကျော်ရှိပြီး အဲ့ဒီအထဲမှာ မြန်မာနိုင်ငံသားတွေ အများဆုံး ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.