မော်လမြိုင် ၊ နိုဝင်ဘာ (၆)

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ (၅) ခုမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၃၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင် ညောင်လေးပင်ခရိုင် တောင်ငူခရိုင် ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ KNLA၊ KNDO ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၃၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၂၀၀ ကျော်သေဆုံးခဲ့ကာ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ kNU က ဆိုထားပါတယ်။

တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က အင်အားတိုးချဲ့ပြီး စစ်ရေး လှုပ်ရှားမှုတွေ ပိုမို ပြုလုပ်လာတဲ့အတွက်ကြောင့် နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတာလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

“နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက အင်အားတိုးချဲ့ပြီး ကျွန်တော်တို့နယ်မြေမှာ ပိုလှုပ်ရှားလာတော့ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတာပါ” လို့ ဆိုပါတယ်။

 အောက်တိုဘာလအတွင်း တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ကျဆုံးသူ ၂၇၁ ဦးထဲမှာ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး အဆင့်ရှိသူတွေပါဝင်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

 အဲဒီတိုက်ပွဲတွေအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့တို့ဘက်ကတော့ ၂ ဦးကျဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.