မော်လမြိုင် ၊ နိုဝင်ဘာ (၆)

အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလမှာ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

 တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်နိုင်ဖို့အတွက် တက်ရောက်ဖို့ စာရင်ပေးထား တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့လည်း စစ်ကောင်စီက စီစဉ်နေပါတယ်။

စစ်ကောင်စီက တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်ဖို့စီစဉ်တာဟာ ပညာရေးကို ဓါးစားခံ လုပ်နေတာဖြစ်ပြီး တက်ရောက်သူတွေအတွက်လည်း အကျိူးမရှိဘူးလို့ တက္ကသိုလ် ဆရာတစ်ဦးက အခုလို ပြောပါတယ်။

“ စစ်ကျွန်ပညာရေးက အကျိုးမရှိဘူး။ဓားစာခံ လုပ်နေတာ ၊ ဒီအခြေအနေမှာ ကျောင်းတွေကို ပြန်ဖွင့်ပြီး ပုံမှန်အခြေအနေ ပြန်ဖြစ်နေတယ်ဆိုတာ ပြချင်တာ သက်သက်ပဲ” လို့ တက္ကသိုလ် ကျောင်းဆရာတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ တက္ကသိုလ်တွေပြန်ဖွင့်နိုင်ဖို့အတွက် သက်ဆိုင်ရာ တက္ကသိုလ်အာဏာပိုင်တွေကို ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ထားဖို့ ညွှန်ကြားထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ အဝေသင်းကျောင်းသားတွေအနေနဲ့  ကျောင်းအပ်နိုင်ပြီးလို့လည်း အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီက တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စီစဉ်တာဟာ အာဏာတည်မြဲအတွက် ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ တက္ကသိုလ် ဆရာမ တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အာဏာပြချင်လို့ တက္ကသိုလ်တွေ ဖွင့်ပြီးတော့ သူတို့လုပ်တာ အောင်မြင်ကြောင်း ပြချင်တာ။ ဟိုးတုန်းက ဒါပြော ဒါကျက်ဆိုတဲ့ ခေတ်ကို ပြန်ရောက်သွားမှာ” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက တက္ကသိုလ်တွေကို မရမက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ ကိုဗစ်ကပ်ရောဂါကာလမှာ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေဟာ အတန်းတင် စာမေးပွဲတွေ ဖြေဆိုခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီက ကျောင်းတက်ရောက်တဲ့ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား အားလုံးကို မအောင်မနေရ စနစ်နဲ့ အောင်စာရင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေမှာတော့ ကျောင်းတက်ရောက်သူ ၂၀ ရာခိုင်နှုန်းပင် မပြည့်ခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.