မော်လမြိုင် ၊ နိုဝင်ဘာ (၅)

မွေးမြူရေးလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေပြီး ဆက်လက် တောင်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက မွေးမြူရေး လုပ်ငန်းတွေ ဖြစ်တဲ့ ကြက်၊ဘဲနဲ့ ဝက်မွေးမြူရေး လုပ်ငန်းတွေဟာ အစားဈေးနှုန်း ကြီးမြင့်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ ငွေကြေးတန်ဖိုး ကျဆင်းလာတာတာနဲ့အတူ  သွင်အားစုကုန်ပစ္စည်းတွေ ဖြစ်တဲ့ မွေးမြူရေးအစာနဲ့ ဆေးဝါးတွေ ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 လက်ရှိမှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ  ဆက်တိုက် အရှုံးပေါ်နေပြီး ဆက်လက် တောင့်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အခုမှ စလုပ်တဲ့ သူတွေ ကျတော့လည်း ဘယ်လိုမှ နောက်ထက် တိုးချဲ့ဖို့လည်း မဖြစ်နိုင်တော့ဘူး၊ ဒီလုပ်ငန်းမှာ အရင်း ပြန်ရဖို့လည်း မလွယ်တော့ဘူး၊ ရှင်းရှင်းပြောရင် မွေးမြူရေး ကဏ္ဍကတော့ မွန်ပြည်နယ် ဘက်ခြမ်းမှာတော့ အများကြီး ကျဖို့ အစီအစဉ်ရှိတယ်၊ ဒီအတိုင်း သွားမယ်ဆိုရင် ကျမယ်၊ ဒီအတိုင်း သွားမယ်ဆိုရင် ဘယ်သူမှလည်း မတောင့်ခံနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်လည်း လုပ်ရတယ်၊ အရင်းအနှီးက တဖက် ထုတ်ရတယ်၊ အရှုံးလည်း ပေါ်တယ်ဆိုတော့ ဘယ်သူမှ ဒီကိစ္စကို ထပ်မလုပ်နိုင်တော့ဘူးလေ”လို့ မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

မွေးမြူရေး အစာဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်အိတ်ကို ကျပ် ၂၄၀၀၀ ကနေ ကျပ် ၃၄၀၀၀ ထိ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

 မွေးမြူရေးလုပ်ငန်းတွေဟာ အစာဈေးနှုန်းမြင့်တက်လာပေမယ့် ထွက်ရှိလာတဲ့ မွေးမြူရေးထွက်ကုန်တွေ ဈေးမရတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

 တဖက်မှာတော့ ရာသီအကူးအပြောင်းမှာ ရောဂါဝင်ရောက်မှုတွေ ရှိတဲ့အတွက် ကာကွယ်ဆေးတွေကလည်း ဈေးနှုန်းမြင့်တက် နေတာကြောင့် ကုန်ကျစရိတ်တွေ များပြီး အရှုံးပေါ်နေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပါတယ်။

“အစာကတော့ အရင်က တစ်အိတ်ကို (၂၄၀၀၀)ပေါ့နော် အခု အစာတစ်အိတ်က (၃၄၀၀၀)လောက် ဖြစ်သွားတယ်။ ကြက်ဥဈေးကတော့ အခု တစ်လုံးကို အရင်ကတော့ ဈေးကျတယ် အရင်ကတော့ တစ်လုံးကို (၁၀၀)ပဲ ရှိတယ်၊ ဟို့အရင် (၂၄၀၀၀) ဖြစ်တုန်းကလည်း တစ်လုံးကို (၁၀၀)ပဲ အဲ့ဒီ ကြားမှာတော့ အများကြီး ထိခိုက်တာပေါ့”လို့ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းပဲ ဆက်သွားမယ်ဆိုရင်  မကြာမီကာလအတွင်း မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်းတွေ အပြီးပိုင် ရပ်နားရဖို့ ရှိနေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ကြမ်းပစ္စည်း  ဈေးနှုန်းမြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်း ထက်မနည်း ရပ်နားထားရတယ်လို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ဆိုထားပါတ​ယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.