ဘန်ကောက်၊ အောက်တိုဘာ ၂၈

Backpink အဖွဲ့ဝင် ထိုင်းနိုင်ငံဖွား အဆိုတော် လာလီဆာ “လီဆာ” မာနိုဘန်က သူမ၏ မွေးရပ်မြေမှာ ကျင်းပမည့် နှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်တော့မည် မဟုတ်ကြောင်း ၎င်းအဖွဲ့၏ စီမံရေးအေဂျင်စီ ဖြစ်သည့် YG Entertainment က ထုတ်ပြန်ကြေငြာခဲ့သည်။

အင်္ဂလိပ် နှင့် ထိုင်း နှစ်ဘာသာဖြင့် ဖော်ပြထားသော အကျဥ်းချုပ်ထုတ်ပြန်ချက်တွင် လာလီဆာ “လီဆာ” မာနိုဘန်က ထိုင်းနိုင်ငံတွင်ကျင်းပမည့် Countdown အခမ်းအနားသို့ ပါဝင်ရန် အတည်ပြုခဲ့သည်ဟူသော သတင်းနှင့်ပတ်သက်၍ တောင်ကိုးရီးယားအေဂျင်စီ အနေဖြင့် တုံ့ပြန်ထားခဲ့ခြင်းဖြစ်သည်။ 

“ကျွန်ုပ်တို့အနေဖြင့် ၎င်းအဆိုပြုချက် ပေါ်ထွက်လာချိန်မှာ လွန်စွာ ဝမ်းမြောက် ဂုဏ်ယူမိပါသည်။ သို့ပါသော်လည်း ကံမကောင်းစွာဖြင့် လီဆာမှာ ထိုအခမ်းအနားသို့ တက်ရောက်ရန် ဖြစ်နိုင်မှာ မဟုတ်ပါ။ ၎င်းအခြေအနေနှင့် ပတ်သင်၍ စိတ်ရှုပ်ထွေးမှု မဖြစ်ကြစေရန် ကျွန်ုပ်တို့အနေဖြင့် အထူးမျှော်လင့်ပါသည်။ ကျေးဇူတင်ပါသည်” ဟု  ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ အာဏာပိုင်၏ အုပ်ချုပ်မှုအရာရှိ Yuthasak Supasorn ကလည်း ၎င်းထုတ်ပြန် ချက်ကို ဆိုးလ်မြို့ရှိ ထိုင်းခရီးသွားအာဏာပိုင်ရုံးမှ လက်ခံရရှိထားပြီးဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့အစည်းအနေဖြင့် ၎င်းဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလေးစားပါကြောင်း၊ အနာဂတ်တွင် လည်း လီဆာနှင့်တွဲဖက်၍ အလုပ်လုပ်ကိုင်နိုင်ရန် မျှော်လင့်ပါကြောင်းဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

“Reopen Thailand: Culture and Tourism Festival” ခေါင်းစဥ်အောက်တွင် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့အစည်း အနေဖြင့် စမ်းသပ်ဧရိယာများ သို့မဟုတ် အပြာရောင်ဇုံများနှင့် အခြားသောဧရိယာများတွင် အခမ်းအနားများကို ကျင်းပမည်ဟူ၍လည်း မစ္စတာ Yuthasak က ပြောကြားခဲ့သည်။  

၎င်းအခမ်းအနားများကို နိုင်ငံတွင်း အနုပညာရှင်များမှ ဂီတအမျိုးအစား အစုံအလင်ဖြင့် ပါဝင်မှာဖြစ်ပြီး ခရီးသွားလုပ်ငန်းကို  နိုင်ငံတွင်း သာမက နိုင်ငံပြင်ပ စျေးကွက်များအထိ ပေါက်မြောက်နိုင်ရန် လုပ်ဆာင်သွားမည် ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

YG Entertainment မှ ထုတ်ပြန်သော အဆိုပါထုတ်ပြန်ချက်သည် ထိုင်းနိုင်ငံ ဖူးခက်တွင် ကျင်းပမည့် နှစ်သစ်ကူးပွဲတော်ကို K Pop အဆိုတော်ကို ဖိတ်ခေါ်သွားမည်ဟု ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆိုခဲ့သော ခရီးသွားလုပ်ငန်းနှင့် အားကစား ဝန်ကြီး Phiphat Ratchakitprakarn အတွက် ထိုးနှက်ချက်တစ်ခုဖြစ်သည်။ 

အဆိုပါဝန်ကြီးက နှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဖျော်ဖြေရန် Lisa နှင့် အီတလီ အော်ပရာ အဆိုရှင် Andrea Bocelli ကို ငှားရမ်းဖို့ ဘတ် ၁၀၀ မီလီယမ် အသုံးပြုရန် စီစဥ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာနေရာ အနှံ့အပြားမှ ခရီးသွားဧည့်သည်များကို နောက်လာမည့် နှစ်သစ်ကူးတွင် အပြည့် အဝ ဖွင့်လှစ်ပေးနိုင်မည်ဖို့ အဆင်သင့်ဖြစ်ကြောင်းကို  ကမ္ဘာသိအောင် ချပြမည်ဟုလည်း အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံသည် နိုင်ငံ၏ အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကို ပြန်လည်ကုစားရန် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည်များကို ကွာရန်တင်းကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင် ရောက်ခွင့် ပြုမည်ဖြစ်သည်။ 

ထိုင်းလူမျိုးများသည် မိမိတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ကို ပြန်လည် စတင်ဖို့၊ ကိုဗစ် ၁၉ နှင့်အတူ ရှင်သန်နေထိုင်ဖို့ အချိန်ကျပြီးဖြစ်သည်ဟု ဝန်ကြီးချုပ် ပရရွတ်ချိန်အိုချာမှ ပြောကြားခဲ့သည်။ 

ကျန်းမာရေးဆိုင်ရာ အရာရှိများ၏ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့အထိ ထိုင်းနိုင်ငံအတွင်း ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်သစ် စုစုပေါင်းမှာ ၉၆၅၈ ဦးထိရှိပြီး ၈၄ ဦးမှာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.