အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ထိုင်း နှင့် စင်ကာပူနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများလက်မှတ်ရေးထိုးတည်ထောင်ခဲ့ကြသည်။ ကြေ ညာချက်တွင်ဖော်ပြထားသည့် အာဆီယံ၏ရည်ရွယ်ချက်များမှာ ဒေသတွင်း စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုး တိုးတက်ရန် ၊ ဒေသတွင်းယဥ်ကျေးမှုဖွံဖြိုးတိုးတက်ရန် ၊ ဒေသတွင်းငြိမ်းချမ်းရေးတိုးမြှင့်ရန် ၊ ဘုံအကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရွက်ရန် ၊ အပြန်အလှန်ကူညီရန် ၊ လေ့ကျင့်ရေးနှင့် သုတေသနအထောက်အကူ ပြုလုပ်ငန်းများတွင် တနိုင်ငံနှင့်တနိုင်ငံကူညီရန် စသော ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ကြသည်။

၁၉၈၄ ခုနှစ်မှစပြီး ဘရူနိုင်း ၊ ဗီယက်နမ် ၊ လာအို ၊ မြန်မာ နှင့် ကမ္ဘောဒီးယားနိုင်ငံများဝင်ရောက်လာကြသဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံဖြစ်လာခဲ့သည်။

ဥရောပသမဂ္ဂအသိုက်အဝန်းပုံစံဆီသို့ ပိုမိုနီးကပ်စွာရွေ့လျားနိုင်ရန်အတွက် ၂၀၀၇ နိုဝင်ဘာတွင်လက်မှတ်ရေးထိုး ခဲ့သော အာဆီယံပဋိညာဥ်ကိုကြေညာရန် ၂၀၀၈ ဒီဇင်ဘာ ၁၅ ရက်တွင် အာဆီယံအဖွဲ့ဝင်များ ဂျာကာတာတွင်တွေ့ ဆုံခဲ့ကြလေသည်။ အဆိုပါပဋိညာဥ်က အာဆီယံကို တရားဝင်အဖွဲ့အစည်းတခုအဖြစ်ပြောင်းလဲပေးခဲ့ပြီး လူဦးရေ သန်း ၅၀၀ အတွက် ဒေသတွင်းလွတ်လပ်သောကုန်သွယ်ရေးဧရိယာတခု ဖန်တီးပေးနိုင်ရန်ရည်ရွယ်ခဲ့ကြသည်။

အာဆီယံသည် အဖွဲ့ဝင် ၁၀ နိုင်ငံ၏အကျိုးစီးပွားကိုဆောင်ရွက်နိုင်ခဲ့သော်လည်း အာဏာရှင်အစိုးရများ လက် အောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံနေရသောရာဇဝတ်မှုများ၌ “ပြည်တွင်းရေး မစွက်ဖက်ရ” ပဋိဉာဥ် ကြောင့် တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးပံ့ပိုးကူညီရန် ပျက်ကွက်ခဲ့လေသည်။ ထို့ကြောင့်လည်း အာဏာ ရှင်များကြီးစိုးသော အာဆီယံဒေသတွင် ပြည်သူလူထုမှာ မြေစာပင်ဘဝသို့ မကြာခဏကျရောက်ရလေ့ရှိသည်။

အာဆီယံကို လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများစု‌ဝေးရာ ဟု ပြောဖို့ခက်သည်။ လက်ရှိ အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန် ယူထားသော ဘရူနိုင်းနိုင်ငံက အကြွင်းမဲ့ဘုရင်စနစ်ဖြစ်သည်။ ဗီယက်နမ် နှင့် လာအိုက တပါတီစနစ်ဖြင့်အုပ်ချုပ်သော ကွန်မြူနစ်နိုင်ငံများဖြစ်သည်။

ကမ္ဘောဒီးယားကို ဝန်ကြီးချုပ်ဟွန်ဆန်ကအုပ်ချုပ်သည်။ မကြာသေးခင်ကပဲ ဟွန်ဆန်က နိုင်ငံရေး အတိုက်အခံများကို တရားမဝင်ကြောင်းကြေညာခဲ့ပြီး တိုင်းပြည်အား သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ် ဖြစ်လာစေခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားပြည်သူများက အာဏာရှင်ဟွန်ဆန်အား ဆန့်ကျင်ဆန္ဒပြနေကြသည်။

စင်ကာပူသည်လည်း သတင်းမီဒီယာ ၊ နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်သော အခြေခံလွတ်လပ်ခွင့်များ ကင်းမဲ့ နေပြီး မလေးရှားကတော့ တစိတ်တပိုင်းဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ပြခံရသည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတော့ မီဒီယာများအပေါ်မထေမဲ့မြင်ပြုမှု နှင့် သူ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူအားလုံးကဆန့်ကျင်သည့်အတွက်ကြောင့် လူသိများသူတဦးဖြစ်သည်။

ထိုင်းနိုင်ငံသည် ရွေးကောက်တင်မြှောက်ထားသောအစိုးရကိုဖြုတ်ချပြီး စစ်တပ်က မကြာခဏအာဏာသိမ်းလေ့ ရှိသောနိုင်ငံဖြစ်သည်။ ၂၀၁၉ ရွေးကောက်ပွဲသည်လည်း နိုင်ငံရေးဂုဏ် သိက္ခာထိန်းသိမ်းခြင်းမျှသာ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံကတော့ သက်ဦးဆံပိုင်အုပ်ချုပ်ရေး သမိုင်းကြောင်းရှိခဲ့ပြီး အာဆီယံတွင် တခုတည်းသော ဒီမိုကရက်တစ်နိုင်ငံဖြစ်သည်ဟု တချို့ကဆိုသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများတွင်ကြုံရလေ့ရှိသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် “ပြည်တွင်းရေး မစွက်ဖက်ရ”ဆိုသော ပဋိညာဥ်ကိုင်ပြီး ခေါင်းရှောင်သွားလေ့ရှိသည်။ ထို့ကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့သောအောက်တိုဘာ ၁၅ ရက်တွင်ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ “မိမိတို့သည် တန်ဖိုးမရှိသောကိစ္စများအတွက် တဦးနှင့်တဦး အမြဲသဘောတူခဲ့ကြသည်” ဟု ပြောဆိုခဲ့ဖူးလေသည်။

မကြာသေးမီကပင် မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သော အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ခိုင်မာသောတုန့်ပြန်မှုများ ကာလ အတန်ကြာသည်အထိမရှိခဲ့ခြင်းက ထိုအချက်ကြောင့်ပင်ဖြစ်သည်။ ထိရောက်မှုမရှိသောပဋိညာဉ်ကြောင့် နိုင်ငံတကာအလယ်တွင်မျက်နှာငယ်ခဲ့ရသောအာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးဆိုင်ရာ ချဥ်းကပ်ပုံကိုပြောင်းလဲပြီး ဒေသတွင်းတည်ငြိမ်ရေးအတွက် ကြိုးစားရပေမည်။ အဖွဲ့ဝင်တိုင်းအတွက် ဒီမိုကရေစီ၊ လူအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုတို့အပေါ် လေးစားမှုရှိကြောင်းပြသဖို့လိုပေသည်။

အာဆီယံက မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်ထားသောကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော သွေးထွက်သံယိုအကြမ်းဖက်မှုများ မြန်မာနိုင်ငံတွင်အဆုံးသတ်ရန် အာဆီယံက လေးနက်သော ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည်။

ပြီးခဲ့သောဧပြီလတွင်ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးတွင်သဘောတူညီထားသော ငြိမ်းချမ်းရေးအစီအစဥ် များကို မြန်မာစစ်ခေါင်းဆောင်က လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် တိုးတက်မှုများကင်းမဲ့နေသည်။ ထို့ ကြောင့်လည်း မကြာခင်ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးသမားမဟုတ်သူတဦးကိုဖိတ်ကြားရန် အာဆီယံကဆုံးဖြတ်ထားလေသည်။

မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာ နေသော လူ့အခွင့်အရေးအကြပ်အတည်းများကြောင့် ဆယ်စုနှစ်များစွာရှည်ကြာသည်အထိ အမြစ်စွဲလာခဲ့ ပြီးဖြစ်သော “ပြည်တွင်းရေး မစွက်ဖက်ရ”မူဝါဒကို ပြန်ပြီးသုံးသပ်ဖို့လိုအပ်ကြောင်း မလေးရှားထိပ်တန်း သံတမန်တဦးက ပြောကြားခဲ့သည်။

မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ ၁ ထောင်ကျော်သေဆုံးခဲ့ပြီဖြစ်ပြီး ဆိုးရွားသောအခြေအနေများရင်ဆိုင်နေရသည့်အတွက် “ပြည်တွင်းရေး မစွက်ဖက်ရ” မူဝါဒကို ပြန်လည်ဆန်းစစ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကပြောသည်။ ဩဂုတ်လတွင် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Muhyiddin Yassin ရာထူးမှနှုတ်ထွက်ခဲ့ပြီး Saifuddin Abdullah တာဝန်ယူချိန်မှစ၍ အာဆီယံအတွင်း မဖြစ်နိုင်သောတွန်းအားတခုပေါ်ပေါက်လာခဲ့သည်။

Saifuddin Abdullah သည် လာမည့်အာဆီယံထိပ်သီးအစည်းအဝေးမှ မင်းအောင်လှိုင်ကိုဖယ်ထုတ်နိုင်သည်ဟု လူသိရှင်ကြားအကြံပြုခဲ့သည့် ပထမဆုံးသောအာဆီယံအရာရှိဖြစ်ပြီး ဧပြီလတွင်သဘောတူညီထားသည့် အချက် ၅ ချက်ကို စစ်ကောင်စီကအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိပါက NUG နှင့် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်တော့မည်ဟု ပြောဆိုခဲ့သူလည်းဖြစ်သည်။

“ပြည်တွင်းရေး မစွက်ဖက်ရ” မူဝါဒသည် အာဆီယံအတွက်အလေးအမြတ်ပြုအားထားရာ အထွဋ်အထိပ်နီးပါး ဖြစ်သည်ဟု နားလည်ထားခဲ့ကြောင်းနှင့် ယခင်ကတော့ အာဆီယံအတွက်အသုံးဝင်ပြီး လက်တွေ့ကျသောမူဝါဒဖြစ်ခဲ့ဖူးသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင်ကြုံနေရသော အခြေအနေမျိုး ကြုံလာပါက စိတ်ဝိညာဥ်ရှာဖွေမှုတခုခု အာဆီယံအနေဖြင့် အမှန်တကယ်ပြုလုပ်သင့်သည်ဟု အွန်လိုင်းဖြင့် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုအစည်းအဝေးအပြီး နောက်ပိုင်းမှာလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “အာဆီယံအဖွဲ့တွင်ပါဝင်သော နိုင်ငံရေးသမားများ၊ ပညာရှင်များ ၊ တက်ကြွလှုပ်ရှားသူများနှင့် တာဝန်ရှိသူများအားလုံး ‘ပြည်တွင်းရေး မစွက်ဖက်ရ’ မူဝါဒမှ ‘အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု (သို့မဟုတ်) ဥပေက္ခာမပြုခြင်း’ဆီသို့ အာဆီယံက တိုးတက်လာနိုင်လား ? ဆိုတာ စဥ်းစားသင့်သည်”ဟု‌တွစ်တာတွင် ထပ်မံဖြည့်စွက်ခဲ့သည်။

မြန်မာနိုင်ငံ၏အခြေအနေသည် အာဆီယံမူအရ လုံလောက်မှုမရှိခြင်းကို မီးမောင်းထိုးပြနေပြီး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ ပြင်းထန်သောပြည်တွင်းရေးအကြပ်အတည်းများအား အာဆီယံက ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ် တင်းမာလွန်းသော ကန့်သတ်ချက်များရှိနေသည်။ အဖွဲ့ဝင်နိုင်ငံများအတွက်တော့ ဖေဖော်ဝါရီ မြန်မာစစ်အာဏာသိမ်းမှုက ပထမဆုံးသောစစ်အာဏာသိမ်းမှုမဟုတ်ခဲ့ပါ။ သို့သော် တနိုင်ငံလုံး ပြည်တွင်းစစ်မီးတောက်လောင်စေမည့် ခြိမ်းခြောက်မှု ဖြစ်သည်။ ဆိုးရွားသောစီးပွားရေးကျဆင်းမှုနှင့်အတူ လာမည့်လများ ၊ နှစ်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာမည့်ပုံပေါ်နေသည်။ မြန်မာနိုင်ငံပြဿနာက ဒေသအပေါ် သက်ရောက်မှုရှိနေပြီး အခြား ၉ နိုင်ငံ၏စိုးရိမ်သောကကိုလည်း အသိအမှတ် ပြုသင့်ပေသည်။

မြန်မာစစ်တပ်က အာဆီယံအား ၎င်းတို့၏ကိစ္စများမှာ ဝင်ရောက်မစွက်ဖက်ရန် နှင့် လာမည့်အာဆီယံထိပ်သီး အစည်းအဝေးသို့ မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုခြင်းက အာဆီယံရည်ရွယ်ချက်များနှင့် အာဆီယံ ပဋိဉာာဥ် စာတမ်းများကို ဆန့်ကျင်နေသည်ဟု ဆိုသည်။

မလေးရှားထိပ်တန်းသံတမန်များ၏ ကြားဝင်ဆောင်ရွက်မှုများက မြန်မာနိုင်ငံအကြပ်အတည်းတွင် အာဆီယံ အပေါ်သက်ရောက်နေသည့် ဂုဏ်သိက္ခာပိုင်းနှင့် အများယုံကြည်လက်ခံနိုင်စွမ်းကိုလည်း ထောက်ပြနေသည်။ ပြီးခဲ့သောမတ်လကလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က “မြန်မာနိုင်ငံကိစ္စတွင် အဓိပ္ပါယ်ပြည့်ဝသော အရေးယူဆောင်ရွက်မှုများပျက်ကွက်ခြင်းက မိမိတို့စည်းလုံးညီညွတ်မှုမရှိခြင်းကို သိသာ ထင်ရှားစွာ ထောက်ပြနေပြီး အဖွဲ့အစည်းတခုအနေဖြင့်လည်း မိမိတို့၏ယုံကြည်ကိုးစားမှုကို ပျက်ပြားစေသည်” ဟုပြောခဲ့ဖူးသည်။

ယခင်မြန်မာစစ်ခေါင်းဆောင်များနှင့်အတူဆောင်ရွက်ခဲ့ဖူးသော တိုးတိုးကြိတ်ကြိတ်နည်းလမ်းမျိုးဖြင့် ယခုစစ် ခေါင်းဆောင်နှင့်လည်းဆောင်ရွက်နိုင်လိမ့်မည်ဟု အာဆီယံက မသိမသာယူဆနေမိသည်။ မြန်မာစစ်ခေါင်းဆောင်၏ သစ္စာတရားဆိုသည်က အာဆီယံသဘောတူညီချက် ၅ ရပ်နှင့်အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ခိုင်မာ သောနိုင်ငံရေးဆွေးနွေးပွဲများထက် နီးစပ်မှုအခြေခံသော တိုးတိုးကြိတ်ကြိတ်စေ့စပ်ညှိနှိုင်းရေးက ယခု မအောင်မြင်ခဲ့ပါ။ ဤ အခြေအနေမျိုးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒေသဆိုင်ရာအဖွဲ့အစည်းတခုကို အပြောင်းအလဲများပြုလုပ်ရန် တွန်းအားပေးရာတွင် ရှားပါးသောခေါင်းဆောင်မှုအဆင့်ကိုပြသခဲ့သည်။

သမိုင်းကြောင်းအရ ရှည်ကြာခဲ့ပြီဖြစ်သော “ပြည်တွင်းရေး မစွက်ဖက်ရ” ပဋိညာဥ်ကိုင်စွဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အားပေးနေကြမည့်အစား အာဆီယံအနေဖြင့် တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးဆန္ဒ များကိုထောက်ခံအားပေးရန် ပြည်တွင်းရေးဆိုင်ရာချဥ်းကပ်ပုံများကိုပြောင်းလဲပြီး ဒေသတွင်းတည်ငြိမ်မှုများ ရရှိရန် ဆောင်ရွက်ဖို့ လိုအပ်သောအချိန်လည်း ဖြစ်ပေသည်။

“ပြည်တွင်းရေး မစွက်ဖက်ရ”မူကို အာဆီယံက လိုက်လျောညီထွေအဓိပ္ပါယ်ဖွင့်ဆိုထားပြီး ပြောင်းလဲပြင်လွယ် ဖြစ်အောင် အသုံးချခဲ့သည်။ မြန်မာ့အရေးကို အာဆီယံကဝင်ရောက်ဖြေရှင်းဖို့စိတ်ကူးမရှိပါက ဝေဖန်မှုများစွာ ခံရပေလိမ့်မည်။ အနောက်နိုင်ငံများကလည်း အာဆီယံ၏ လုပ်ငန်းစဥ်များကို စိတ်အားထက်ထက်သန်သန်ဖြင့် စောင့်ကြည့်နေကြသည်။

နိုင်ငံတကာ၏ယုံကြည်လက်ခံမှုကိုသာလိုလားပါက အာဆီယံသည် ပိုမိုခိုင်မာပြီး စည်းစနစ်ကျသော ရပ်တည်မှုဖြင့် အကြောင်းကောင်းပြရန်လိုအပ်ပေသည်။

ကြည်ဖြူစံ

Ref:the diplomat, just security, asia times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.