ကန်ချနဘူရီ၊ အောက်တိုဘာ ၂၅

ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၈ ဦးကို ဒီကနေ့မှာ ဆိုင်ရော့ခရိုင်အတွင်း နယ်ခြားစောင့်စစ်သားတွေက ကင်းလှည့်နေစဉ်အတွင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်ပိုင်းက တမ်ဘွန်လန်ဆမ်အနီးက ဖွေနွေးရွာအနီးမှာ တိုရိုတာဗန်ကားကို ရပ်တန့်စစ်ဆေးစဉ် ဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။

ကားအတွင်းမှာတော့ မြန်မာနိုင်ငံသား အမျိုးသား (၁၀)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ပါဝင်ပြီး ထိုင်းယာဉ်မောင်း (၂)ဦးလည်း ပါဝင်ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေပြောဆိုချက်အရ ယင်းတို့မှာ ရန်ကုန်မှလာတာဖြစ်ပြီး ဒီကနေ့မနက်အစောပိုင်းမှာ နယ်စပ်ဖြတ်ခဲ့တာဖြစ်ကာ တစ်ဦးကို ဘတ် (၂၀၀၀၀) (မြန်မာငွေကျပ် ၁၂ သိန်းခန့်) ပေးခဲ့ရပြီး အလုပ်ပေးမယ်လို့ပြောကာ ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်နေရာမှာ အလုပ်လုပ်ရမယ်ဆိုတာမသိသေးဘူးလို့ ထပ်မံပြောပါတယ်။ 

မွန်းလွဲပိုင်းမှာတော့ တမ်ဘွန်စီမွန်ခေါင်းဒေသရဲ့ မူး ၄ ရွာအနီးက သစ်တောမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူတွေသွားလာနေတယ်လို့ သတင်းထပ်မံရတဲ့အတွက် သွားရောက်ဖမ်းဆီးရာ အမျိုးသား (၂၀)ဦးနှင့် အမျိုးသမီး (၁၄)တို့ကို ထပ်မံဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါဖမ်းဆီးခံရသူများမှာ ပဲခူး၊ နေပြည်တော်၊ ထားဝယ်နဲ့ မော်လမြိုင်ကဖြစ်ကြပြီး ဆမွန်ဆခွန်မှာ အလုပ်ရမယ်ဆိုကာ ပွဲစားတွေကို တဦးလျှင် ဘတ် (၂၀၀၀၀)ပေးခဲ့ရတယ်လို့ ပြောပါတယ်။


ဖမ်းဆီးခံရတဲ့ နှစ်ဖွဲ့စလုံးမှာ မြန်မာရွှေ့ပြောင်းလုပ်သား (၄၈)ဦးပါဝင်ကာ ယင်းတို့ကို ဆိုင်ရော့ရဲစခန်းမှာ ဥပဒေအရ အရေးယူဖို့ရှိတယ်လို့ ဆိုပါတယ်။

မနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာလည်း ယင်းဒေသဖြစ်တဲ့ ဆိုင်ရော့ခရိုင်မှာပဲ အမျိုးသား (၆၅)ဦး၊ အမျိုးသမီး (၅၅)ဦး စုစုပေါင်း မြန်မာရွှေ့ပြောင်းလုပ်သား (၁၂၀)ဦးဖမ်းဆီးခံခဲ့ရပါသေးတယ်။

ထိုင်းနိုင်ငံနယ်စပ်တလျှောက်မှာ ဆက်တိုက်ဖမ်းဆီးမှုတွေ မြင့်တက်နေပေမယ့်လည်း နေ့စဉ်နေ့တိုင်းမှာ မြန်မာရွှေပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲကို ငွေကြေးမြင့်မားစွာပေးအပ်ပြီး ဝင်ရောက်နေကြပါတယ်။ ယင်းတို့အတွက် ဥပဒေအကာအကွယ်ကတော့ မရနေသေးပါဘူး။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.