တရားမျှတမှုမရှိသောနည်းလမ်းများဖြင့် နိုင်ငံတော်အာဏာသိမ်းယူထားသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အား လာမည့် အောက်တိုဘာ ၂၆ – ၂၈ ရက်တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြု ကြောင်း ကြေညာခဲ့ပြီးနောက်မှာတော့ နိုင်ငံတကာအလယ်မှာ အာဆီယံမျက်နှာပန်းလှခဲ့သည်။ အာဆီယံဆုံးဖြတ်ချက် က အာဆီယံသမိုင်းကြောင်းတလျှောက်မှာ ကြုံရခဲသောအဖြစ်အပျက်ဖြစ်သည်။

မင်းအောင်လှိုင်ကို အာဆီယံအစည်း အဝေးတက်ရောက်ခွင့်မပြုခြင်းက အာဆီယံပဋိဉာဥ်တွင်ပါဝင်သော ‘ ပြည်တွင်း ရေးဝင်ရောက်စွက်ဖက်ခြင်း မရှိစေရ ’ မူဝါဒကို ကျော်လွန်လိုက်ခြင်းလည်း ဖြစ်သည်။ အာဆီယံထိပ်သီးအစည်း အဝေးသို့ မင်းအောင်လှိုင်ကို ဘာကြောင့်မဖိတ်ရသနည်း ဆိုတာနှင့်ပတ်သက်၍လည်း အာဆီယံတွင် အကြောင်း ကောင်းပေါင်းများစွာ ရှိနေနိုင်ပါသည်။ နိုင်ငံတကာ သတင်းစာမျက်နှာများတွင်လည်း အဆိုပါအကြောင်းကို ဦးစားပေး ဖော်ပြနေကြသည်။

အာဆီယံအနေဖြင့် မြန်မာစစ်တပ်၏အကြမ်းဖက်မှုများအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကတော့ သေချာ သည်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းရှိစီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။ ၂၀၂၀ ခုနှစ် အတွင်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး အဓိကအားဖြင့် လောင်စာများ ၊ ရေနံ ၊ လျှပ်စစ်နှင့် စက်ပစ္စည်းများ တင်သွင်းခဲ့သည်။ သို့သော်လည်း စင်ကာပူနှင့် အခြားအာဆီယံအဖွဲ့ဝင်ကုမ္ပဏီများသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရာတွင် စီးပွားရေးပိတ်ဆို့မှုများနှင့် သပိတ်မှောက်မှု များ ကြုံရနိုင်သည်။

အာဏာသိမ်းမှုမတိုင်ခင်က ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်မှုများ များပြားလာခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီများသည် အိမ်ခြံ မြေများရင်းနှီးမြှုပ်နှံခြင်း နှင့် ရန်ကုန်မြို့တွင်လည်း ကြီးမားသောခေတ်မီကုန်တိုက်သစ်ကြီးတလုံး တည် ဆောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းအော်ပရေတာများထဲမှတခုဖြစ်သော Mytel သည် စစ်တပ် ထိန်းချုပ်ထား သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း နှင့် ဗီယက်နမ်စစ်တပ်တို့အကြား ပူးပေါင်းလုပ်ကိုင်နေသော ဖက်စပ်လုပ်ငန်း ဖြစ်သည်။

ဒီမိုကရေစီမရှိသလောက်ဖြစ်သော ဗီယက်နမ်နိုင်ငံသည် ပုံမှန်အားဖြင့်ဆိုလျှင် တိုင်းတပါး၌ စစ်တပ်က အာဏာသိမ်း ယူသည်ကို ဂရုပြုလိမ့်မည် မဟုတ်ပေ။ သို့သော် စစ်အုပ်ချုပ်ရေးဆန့်ကျင်သူတွေက ၎င်းတို့တစိတ်တပိုင်း ပိုင်ဆိုင် ထားသော ဆက်သွယ်ရေးတာဝါတိုင်များ ဖောက်ကွဲဖျက်ဆီးခံနေရသည်ကိုတော့ ဗီယက်နမ်များ ကျေနပ်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့ပြင် မြန်မာ့စစ်အာဏာသိမ်းမှုကြောင့် အခြားရင်းနှီးမြှုပ်နှံမှုများလည်း ပျက်စီးခဲ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေများကို အလေးအနက်စောင့်ကြည့်နေသူများ ရှိနေသည်။ မြန်မာ့ အရေး နှင့်ပတ်သက်ပြီး အာဆီယံအပေါ်နိုင်ငံတကာဖိအားများကျရောက်နေပြီး ယုံကြည်မှုများဆုံးရှုံးခံနေရသည်။ အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပြု / မပြု နှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အွန်လိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေး စည်းလုံးညီညွတ်မှု နှင့် ယုံကြည်စိတ်ချရမှုတို့အပေါ်အခြေခံထားသော အာဆီယံ၏ စည်းမျဥ်းစည်းကမ်းများကို မြန်မာနိုင်ငံ၏အခြေအနေက ထိခိုက်စေသည် ” ဟု နိုင်ငံခြားရေးဝန်ကြီးများက ပြော ကြားခဲ့ပြီးနောက် ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုကြောင်း ကြေညာနိုင်ခဲ့သည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးအကြောင်းသိရှိထားသော သတင်းရင်းမြစ် ၄ ခုက “ နိုင်ငံခြားရေး ဝန်ကြီးများ အကြား တင်းမာမှုများနှင့်ကျင်းပခဲ့ရသော ထိုအစည်းအဝေးတွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် နှင့် စင်ကာပူနိုင်ငံတို့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလက်မခံရန် ပိုမိုပြင်းထန်သော တွန်းအားများ ပေးခဲ့ပြီး ထိပ်သီး အစည်းအဝေးမှဖယ်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည် ” ဟု ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများအကြားတွင် အုပ်စု ၂ စုကွဲခဲ့ သည်။ ပထမအုပ်စုက အစဥ်အလာနည်းလမ်းဖြစ်သော ‘ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း မရှိစေရ ’ ဆိုသော မူဝါဒ ကိုင်စွဲထားပြီး ဒုတိယအုပ်စုကတော့ အများက အာဆီယံအပေါ် ယုံကြည်လက်ခံလာစေရန် ‘ မင်းအောင်လှိုင်ကို အပြစ် ပေးအရေးယူသင့်သည် ’ ဆိုသောမူဝါဒ စွဲကိုင်ထားကြသည်။

နောက်ဆုံးမှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံအများစုထောက်ခံသော လာမည့် အောက်တိုဘာ ၂၆ – ၂၈ ရက်နေ့များတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုရန်နှင့် ၎င်းအစား နိုင်ငံရေးသမားမဟုတ်သော မြန်မာကိုယ်စားလှယ်တယောက်ကိုဖိတ်ကြားရန် ဆုံးဖြတ်ခဲ့လေသည်။

အဆိုပါဆုံးဖြတ်ချက်သည် ဆယ်စုနှစ်ပေါင်းများစွာအမြစ်စွဲခဲ့သော ‘အဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုရ’ ဆိုသော အာဆီယံပဋိဉာဥ်ကို ချိုးဖျက်လိုက်ခြင်းဖြစ်သည်။ သတင်းရင်းမြစ်တခုကလည်း “ အစည်းအဝေးတက်ရောက်ခဲ့သူများ၏ စိတ်ခံစားချက်က အရင်ကထက်ပိုပြီး တင်းမာနေခဲ့ကြသည်” ဟု ဆိုသည်။

ဒေသတွင်းသံတမန်တဦးကလည်း “အာဆီယံက ပြောင်းလဲနေပါပြီ” ဟုပြောသည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီ ယန် ဘာလာခရစ်ရှနန်ကလည်း အစည်းအဝေးရလဒ်နဲ့ပတ်သက်ပြီး “ ခက်ခဲပေမယ့် အာဆီယံအပေါ်အများက ယုံကြည်လက်ခံလာစေရန်အတွက် လိုအပ်သောဆုံးဖြတ်ချက်ဖြစ်သည် ” ဟု တွစ်တာပေါ်တွင် မှတ်ချက်ပြုထားသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin ကလည်း “ မြန်မာ့အရေးတွင် ကြားနေအဖြစ်နေ၍ မရတော့ ၊ မိမိတို့ သည် တန်ဖိုးမရှိသောအရာများအတွက် တဦးနှင့် တဦး အမြဲသဘောတူခဲ့ကြသည် ” ဟု အစည်းအဝေး မစတင်ခင် ကပဲ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတွေကတော့ အစည်းအဝေးနှင့် ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးရန် ငြင်းဆိုခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ ကတော့ “မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်မတည်ဆောက်နိုင်သေးသရွေ့ နိုင်ငံရေးဆွေးနွေးပွဲများတွင် မြန်မာကိုယ်စား လှယ်များ တက်ရောက်ခွင့်မပြုသင့် ” ဟု တွစ်တာတွင်ရေးသားခဲ့သည်။မြန်မာနိုင်ငံတွင်းမှ အကြမ်းဖက်မှုများ အဆုံး သတ်ရန် နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် အာဆီယံကနှောင့်နှေးခဲ့သဖြင့် နိုင်ငံတကာ ဖိအားများ အာဆီယံအပေါ်မြှင့်တက်ခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အင်ဒိုနီးရှား ၊ မလေးရှား နှင့် စင်ကာပူတို့က ယခုလအတွင်း ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်အားတက်ရောက်ခွင့်မပြုရန်အတွက်စိတ်ကူးကို ပထမဆုံး ပြောဆိုခဲ့ကြသည်ဟု ဒေသတွင်းသံတမန်တဦးကပြောသည်။ တဆက်တည်းမှာပဲ ထိုသံတမန်က လက်ရှိ အချိန်တွင် မည်သည့်နေရာမှာချုပ်နှောင်ခံနေရမှန်းမသိသော ဒေါ်အောင်ဆန်းစုကြည်အား အစည်းအဝေးသို့ တက် ရောက်ခွင့်ရခြင်းကလည်း နည်းဗျူဟာတခုဖြစ်သည်ဟု ပြောပါသည်။

အခြားသောရင်းမြစ် ၂ ခုကလည်း အာဆီယံထိပ်သီးအစည်းအဝးကြီးပြီးဆုံးပြီး ရက်အနည်းငယ်အကြာတွင် ကျင်းပ မည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်ပြုလျှင် အခြားကမ္ဘာ့ ခေါင်းဆောင်များ ကို ဟန့်တားရာရောက်မည် ဟုပြောသည်။ မင်းအောင်လှိုင်တက်ရောက်သောအစည်းအဝေးသို့ မည်သည့် ကမ္ဘာ့ ခေါင်းဆောင်များမှ တက်ရောက်တော့မည်မဟုတ်ပေ။

ပြီးခဲ့သောတပတ်ကပင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် အရှေ့တောင်အာရှ ဝန်ကြီးများနှင့်အတူ အွန်လိုင်းအစည်းအဝေးခန်းမှာရှိနေမည့် မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို မျက်နှာချင်းမဆိုင် လိုသည့်အတွက်ကြောင့် ရက်ရွှေ့ဆိုင်းခဲ့သေးသည်။

နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျူ့မှ အရှေ့တောင်အာရှသုတေသီ Mr Aaron Connelly ကလည်း အာဆီယံသည် မြန်မာစစ်ကောင်စီနှင့် သံယောဇဥ်ဖြတ်တောက်ရန်အတွက် ခြိမ်းခြောက်မှုများ အတိအလင်း မပြုလုပ် သေးပါ။ သို့သော်လည်း အာဆီယံအပေါ် အများလက်ခံယုံကြည်စိတ်ချမှု ပိုမိုထိခိုက်လာမှာကို စိုးရိမ်မှုများ ရှိနေ ကြသည်ဟု ပြောသည်။

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးမှဖယ်ထုတ်ခြင်းဆုံးဖြတ်ချက်သည် မည်သည့်အာဆီယံအဖွဲ့ဝင် နိုင်ငံကိုမှ မပြုလုပ်ခဲ့ဖူးသော ၊ အာဆီယံကိုင်တွယ်ခဲ့သမျှထဲတွင် အပြင်းထန်ဆုံးဖြစ်သော ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်သည် ဟု လည်း Mr Connelly ကပြောသည်။

မိမိအဖွဲ့အစည်းပေါ်ကာကွယ်ပေးရန်ပျက်ကွက်နေသည့်အတွက် ဒေသအနှံ့မှလူများက အာဆီယံရဲ့ယန္တရားအပေါ် ယုံ ကြည်မှု နှင့် မျှော်လင့်ချက်များ ပျောက်ဆုံးနေကြသည်။ လကိရှိအချိန်သည် “ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း မပြုရ ” ဆိုသော အာဆီယံပဋိဉာဥ်ကို ပြန်ပြီးဝေဖန်ဆန်းစစ်ဖို့အချိန်လည်းဖြစ်သည်။

ကြည်ဖြူစံ

Ref: The Straits Times , Asia Times

(ယခုဆောင်းပါးရေးပြီးချိန်မှာပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီ ကို နိုင်ငံရေးကိုယ်စားပြုခွင့်မပေးတော့ပါ ဟု တွစ်တာတွင် ပိုစ့်တင်လိုက်ပါသည်။ ဘာသာပြန်သူ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.