ဘန်ကောက်၊ အောက်တိုဘာ ၁၆

သောကြာနေ့မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယခုလ အောက်တိုလာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်ဖို့ရှိနေတဲ့ အာဆီယံညီလာခံကို တက်ရောက်ခွင့်မပြုတော့ဘဲ ယင်းအစား နိုင်ငံရေးအစုအဖွဲ့နဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးကိုဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ အာဆီယံသတင်းရင်းမြစ်က ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ သမိုင်းတွင်တဲ့ဖြစ်ရပ်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့မူကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများရဲ့ အရေးပေါ်အွန်လိုင်းအစည်းအဝေးမှာပဲ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ မြန်မာ့ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာမယ့်အာဆီယံညီလာခံမဖိတ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

အရေးပေါ်အွန်လိုင်းအစည်းဝေးရဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ (စနေနေ့)မှာ ကြေငြာချက်ထုတ်ဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့ဟာ အာဆီယံအထူးသံတမန်ကို လက်ခံဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လျှော့ချဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံဆီမဖိတ်ဖို့ အဆိုပြုခဲ့တာပါ။

အာဆီယံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဖိအားတွေရှိနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားရေးနဲ့ပတ်သတ်ပြီး ဝန်ကြီးတွေကြားထဲမှာ ကွဲပြားတဲ့အမြင်တွေရှိနေပေမယ့် အများစုကတော့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားပြုနိုင်သူတဦးကို အာဆီယံညီလာခံဆီဖိတ်ကြားဖို့ဖြစ်နိုင်တယ်လို့ အာဆီယံသတင်းရင်းမြစ်က ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတခုက နိုင်ငံခြားရေးဝန်ကြီးကတော့ ယင်းရဲ့ ဖြစ်ရပ်ကို ပြန်လည်အဖတ်ဆည်ဖို့ မြန်မာစစ်ခေါင်းဆောင်အနေနဲ့ အာဆီယံဆီစာရေးပို့ဖို့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အကြံပြုခဲ့သော်လည်း မြန်မာစစ်ခေါင်းဆောင်အနေနဲ့ အာဆီယံညီလာခံတက်ဖို့ မအားဘူးဖြစ်နေတယ်လို့ဆိုကြောင်း အာဆီယံသတင်းရင်းမြစ်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက သူမအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြန်လည်ဖြစ်ထွန်းလာရေးအတွက် အားလုံးပါဝင်နိုင်တဲ့ ဖြစ်စဉ်မဖြစ်သေး သမျှ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာကိုယ်စားပြုမှုမပေးသင့်ဘူးလို့ အဆိုပြုခဲ့ကြောင်း သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန်ကိုလည်း မြန်မာနိုင်ငံကို မကြာခင်မှာ သွားရောက်နိုင်ဖို့ လုပ်ငန်းစဉ်တရပ်လည်းချမှတ်ခဲ့ပါတယ်။

မြန်မာပြည်သွားမယ့်ခရီးစဉ်ကို ရက်မသတ်မှတ်နိုင်သော်လည်းပဲ အာဆီယံအထူး သံတမန်အနေနဲ့ တွေ့သင့်တွေ့ထိုက်သူတွေ တွေ့ဆုံနိုင်ရေးလုပ်ငန်းစဉ်ကတော့ လိုအပ်နေဆဲရှိနေပါတယ်။ သို့သော် မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယအထူးသံတမန်တွေ့လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို တော့ ပေးတွေ့ဖို့ မလွယ်ဘူးလို့ ထပ်လောင်းပြောဆိုပါတယ်။

မြန်မာစစ်အုပ်စုနဲ့ စေ့စပ်ညှိနှိုင်းဖို့ ဆိုပြီး အာဆီယံက မြန်မာပြည်ကိုသွားဖို့ လုပ်ထားတဲ့ ခရီးစဉ်ဟာ မအောင်မြင်ပဲ ပျက်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အာဆီယံအထူးသံတမန်ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ မြန်မာပြည်ခရီးစဉ်အတွင်း တွေ့ဆုံလိုတဲ့အဆိုပြုအမည်စာရင်းတွေဟာ ဥပဒေခွင့်ပြုချက်ထက်ကျော်လွန်တဲ့လူတွေပါဝင်နေတဲ့အတွက် တွေ့ဆုံရန်စီစဉ်ပေးဖို့ ခက်ခဲတယ်ဆိုတဲ့အချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအတွင်း ကွဲပြားတဲ့အမြင်တွေရှိနေပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်ကတော့ ရပ်တည်ချက်ခိုင်ခိုင်မာမာထားဖို့ဆိုတဲ့ အမြင်ရှိနေပြီး အခြားနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ လာအို၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံကတော့ ပျော့ပြောင်းတဲ့ချဉ်းကပ်မှုကို လုပ်ဆောင်ဖို့အမြင်ရှိနေတာပါ။

ထိုင်းနိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံကို အဖွဲ့ဝင်မိသားစုနိုင်ငံတခုအဖြစ် သာမြင်ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ တာနီးဆန်ဂရက်ဆက်က ပြောဆိုထားပြီး အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်က မကြာခင်မှာ ဖြစ်မယ်လို့ မျှော်လင့်ကြောင်းပြောထားပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.