ဘန်ကောက်၊ အောက်တိုဘာ ၁၆
နိုင်ငံတကာလုပ်သားအဖွဲ့အစည်းမှ ဇွန်လအတွင်း ထုတ်ပြန်သော သတင်းအချက် အလက်အရ ကိုဗစ် ၁၉ ကပ်ဘေးမတိုင်ခင်အချိန်အထိ ရွှေ့ပြောင်းလုပ်သားများက ထိုင်းနိုင်ငံ လုပ်သားအင်အားကို ၁၀ ရာခိုင်နှုန်းထက် ပို၍ ဖြည့်တင်းနိုင်ခဲ့သလို ထိုင်းနိုင်ငံ GDP ၏ ၄.၃ ရာနှုန်းမှ ၆.၆ ရာနှုန်းအထိဖြစ်ပေါ်တိုးတက်စေခဲ့သည်ဟု ပါရှိသည်။
အဆိုပါသတင်းအချက်အလက်တွင် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ရောက်ရှိနေသော မြန်မာ့ရွှေ့ပြောင်းလုပ်သားဦးရေ ၂.၃ မီလီယမ်အထိရှိသည်ဟူ၍ လည်း အစီရင်ခံထားပါသည်။
သို့သော်လည်း ထိုခန့်မှန်းချက်တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ၏ ကိန်းဂဏန်းကိုထည့်သွင်းထားခြင်း မရှိသောကြောင့် အမှန်တကယ် ကိန်းဂဏန်းမှာ ပိုမိုမြင့််မားနိုင်ပါသည်။
ကိုဗစ် ၁၉ အခြေအနေနှင့် ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ နောက်ဆုံးပေါ်အာဏာသိမ်းမှု အခြေအနေများက မြန်မာစီးပွားရေးကို နှောက်နှေး စေခဲ့ပြီးဖြစ်သည်။
အထူးသဖြင့် အိမ်ထောင်စုတစ်ခုစီ၏ ဝင်ငွေများ နည်းပါးလာမှုနှင့်သာ ကြုံကြိုက် စေခဲ့ပြီး လူမှုအသိုင်းအဝိုင်းသည် ထိခိုက်လွယ် အခြေအနေ တစ်ရပ်ကို ယခင်ကထက်ပိုပြီး ရရှိပိုင်ဆိုင်ခဲ့ရသည်။
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အလုပ်အကိုင် ၁ မီလီယမ်အထိ ဆုံးရှုံးနည်းပါးခြင်း၊ အလုပ်အချိန်နည်းပါးခြင်းကြောင့် လုပ်ခလစာလျှော့ချခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း စသည့် အခြေအနများနှင့်အတူ ၂၀၂၁ ခုနှစ် အတွင်း မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းအထိကျဆင်းနိုင်သည်ဟု ခန့်မှန်းထား သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် လူဦးရေ ၃.၄ မီလီယမ်သည် များမကြာမီအချိန်၌ အငတ်ဘေး ကြုံတွေ့နိုင်မည်ဟု ကုလသမဂ္ဂမှ သတိပေးထားပြီးဖြစ်သည်။
ကိုဗစ် ၁၉ ကူးစက်မှုကြောင့် ရွှေ့ပြောင်းလုပ်သားများ အလုံးအရင်းဖြင့် ပြည်တော် ပြန်ဖြစ်စဥ် မတိုင်ခင် MOU အလုပ်လုပ်ကိုင်ခွင့်အထောက်အထားသက်တမ်းတိုးရန် မြန်မာနိုင်ငံသို့ ပြန်သွားရသည့် ရွှေ့ပြောင်းလုပ်သားဦးရေကပင် ၇၀၀၀ ထက်ပိုနိုင် မည်ဟု ထိုင်းနိုင်ငံရှိ အချို့သော ရွှေ့ပြောင်းလုပ်သားအဖွဲ့များက ခန့်မှန်းထားပါသည်။
သို့သော်ငြားလည်း အာဏာသိမ်းမှုအကျိုးဆက်နှင့်အတူ ကိုဗစ် ၁၉ ကူးစက်မှုကို ရပ်တန့်နိုင်ရန် နယ်စပ်ကန့်သတ်ချက်များကို တင်းကျပ်ဆောင်ရွက်မှုများက မြန်မာနိုင်ငံအတွင်း MOU အလုပ်လုပ်ကိုင်ခွင့် အထောက်အထား သက်တမ်းတိုးရေး ကိစ္စရပ်များကို ကြန့်ကြာစေသည်။
မည်သို့ပင်ဆိုစေ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်ချေရှိ သည်ဟူ၍လည်း UNCDF မှ ခန့်မှန်းထားသည်။ ယခုထိတိုင် ထိုင်းအလုပ်ရှင်များကို တောင်းဆိုထားသော တင်းကျပ်သော လုပ်ထုံးလုပ်နည်းများသည် သူတို့အတွက် သိသာထင်ရှားသော ပြဿနာ တစ်ရပ်ဖြစ်သည်။
ကိုဗစ် ၁၉ သည် ထိုင်းနိုင်ငံစီးပွားရေကို ထိခိုက်နစ်နာစေသော အကျိုးသက်ရောက်မှု ရှိပြီး အလုပ်သမားပြတ်လတ်မှုကိုလည်း ပိုမိုဆိုးရွားလာစေခဲ့သည်။ ထိုင်းအစိုးရသည် နိုင်ငံ့စီးပွားရေးကို ပြန်လည်အားဖြည့်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သားများကို MOU စနစ်ဖြင့် လက်ခံမည်ဟု ကြေငြာထားပြီးဖြစ်သည်။ ၎င်းထုတ်ပြန်ချက်အရ ရွှေ့ပြောင်းလုပ်သားများကို အုပ်စု ၃ စု ခွဲခြားလိမ့်မည်ဖြစ်သည်။ .
“အစိမ်းရောင်”အုပ်စုဟုခေါ်သော ပထမအုပ်စုတွင် အနည်းဆုံးတစ်လအတွင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများဖြစ်ပြီး ဆေးထိုးနှံခံယူထားကြောင်း သက်သေပြနိုင်ရမည်။
“အဝါရောင်”အုပ်စုဟုခေါ်သော ဒုတိယအုပ်စုတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးကို တစ်ကြိမ်တိုင်ထိုးနှံခြင်းခံထားရ သော ရွှေ့ပြောင်းလုပ်သားများပါဝင်သည်။
“အနီရောင်”အုပ်စုဟုခေါ်သော တတိယအုပ်စုတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထား ခြင်းမရှိသေးသော ရွှေ့ပြောင်းလုပ်သားများပါဝင်သည်။
ထိုအနီရောင်အုပ်စုဝင်လုပ်သားများကို ခေါ်ယူသော ထိုင်းနိုင်ငံရှိ အလုပ်ရှင်သည် ကွာရန်တင်းနှင့် အခြားသော ဆေးကုသခြင်းဆိုင်ရာ ကုန်ကျစရိတ်များကို ကျခံပေးရ မည် ဖြစ်သည်။
မြန်မာ့ကျန်းမာရေးစနစ်သည် ဖေဖော်ဝါရီလ ၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပြိုလဲသွားခဲ့ပြီးဖြစ်သည်။ သို့ပါသောကြောင့် အထက်ဖော်ပြပါခိုင်မာသည့် လိုအပ် ချက်သည် အလားအလာရှိသော မြန်မာ့လုပ်သားများအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်စေပါသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အုပ်ချုပ်မှု အောက်တွင်ဝင်ငွေနည်းပါးသော မိသားစုဝင်များနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် ကာကွယ်ဆေးရရှိနိုင်မှုအခွင့်ရေးမှာ ဝေဝါးလျှက်ရှိသည်။
ထို့အပြင် MOU လျှောက်ထားရေးဖြစ်စဥ်များနှင့် သက်တမ်းတိုးရေးများကိုလည်း မြို့ကြီးများတွင်သာ ဆောင်ရွက်နိုင်ပြီး ရွှေ့ပြောင်းလုပ်သားအများစုမှာ ကျေးလက် တောရွာမှ ဖြစ်ကြသည်။
အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးချိန်တွင် စောင့်ဆိုင်းရန် ရန်ကုန်မြို့တွင် နေထိုင်ရေးစရိတ်များကြောင့် ဆွေမျိုးများမှ ငွေချေးရခြင်း၊ အိမ်နှင့် မြေများ အပါအဝင် ပိုင်ဆိုင်မှုနှင့် ပစ္စည်းဥစ္စာများကိုရောင်းချရခြင်း တို့ကြောင့် အများစုသည် ငွေကြေးအနှောင်အဖွဲ့နှင့်သာ အဆုံးသတ်ရသည်။
နိုင်ငံရေးအုံ့ကြွမှုများကို ကန့်သတ်ရန် စစ်တပ်မှ ထုတ်ပြန်ထားသော ခရီးသွားခြင်း ဆိုင်ရာ ကန့်သတ်ချက်များသည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအတွက် ကာကွယ်ဆေးရရှိရေးသာမက ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ရရှိရန် MOU လျှောက်ထားမှု အဆုံးသတ်နိုင်ရေးအတွက်လည်းအခက်အခဲများ ဖြစ်ပေါ်စေသည်။
ရွှေ့ပြောင်းလုပ်သားအများစုသည် အိမ်ပြန်ချိန်တွင် ကြုံတွေ့ရသော အစာရေစာ ရှားပါးမှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုကို အပူတပြင်းလွန်မြောက်လိုသောကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်အသစ်ရရှိရေးကို ဆောင်ရွက်နိုင်ရန်အတွက် ပွဲစားများကို မှီခိုရခြင်းအဖြစ်နှင့်သာအဆုံးသတ်ကြရသည်။ အချို့သော သူများကို နယ်စပ်တွင် ဖမ်းဆီးခဲ့ကြပြီး လူကုန်ကူးမှုဖြင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။
ဒေသတွင်းအရင်းအမြစ်တစ်ခုတွင် ထိုင်းနိုင်ငံသို့ အလုပ်ရရှိရေး မျှော်မှန်းချက်ဖြင့် တရားမဝင် ပြန်လည်ရောက်ရှိလာသော မြန်မာလုပ်သားပေါင်း ၅၀၀ ကျော်သည် ယခုနှစ် စက်တင်ဘာ ၁ ရက်နေ့နှင့် အောက်တိုဘာ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ပါရှိသည်။ ဖမ်းဆီးခံရသောသူအများစုတွင် တရားမဝင်နယ်စပ် ဖြတ် ကျော်နိုင်ရေးအတွက် ပွဲစားများကို ဘတ် ၂၈၀၀၀ ခန့်ကို ပေးဆောင်ခဲ့ရသည်ဟု လည်း သိရှိရသည်။
ထို့အပြင် မြန်မာနိုင်ငံသားအများစုသည် အချိန်ကာလ ၂ နှစ်ထက်ကျော်လွန်လာသည့် အတောအတွင်း MOU အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးရေး ဝန်ဆောင်မှုများမှာ သေချာမှုမရှိသောကြောင့် အလုပ်အကိုင်ရရှိရေး အတွက် နယ်စပ်ဖြတ်ကျော်ရန် ယခုအခါတွင် ပြင်ဆင်လာနေကြသည်။
လုပ်သားများသည် MOU ကန့်သတ်ချက်များကို ပြည့်မီရန် ကုန်ကျစရိတ်များကို ပေးဖို့ရန်မှာ လက်တွေ့မကျကြောင်း တုံ့ပြန်လာကြသလို သူတို့အနေဖြင့် ၎င်းစနစ်ကို လက်လှမ်းမီဖို့ မဖြစ်နိုင်ဟုပြောဆိုလာကြသည်။
ထိုင်းအစိုးရအနေဖြင့် ဖြစ်အံ့ဆဲဆဲ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရင်း ထိုင်းစီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရန်အလို့ငှာ နယ်စပ်ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာနိုင်ငံရှိ သင့်တော်ရာလုပ်သားဌာနများ၊ အလုပ်သမားအေဂျင်စီများနှင့် တွဲဖက်လုပ်ဆောင်သင့်သည်။
ထို့အပြင် အစိုးရနှင့် အလုပ်ရှင်သည် အလုပ်ခန့်ထားရေးဖြစ်စဥ်များကို ချောမွေ့စေ ရန်အလို့ငှာအလားအလာရှိ သော MOU လုပ်သားများအတွက် ကာကွယ်ဆေး အစီအစဥ်တရပ်ထောက်ပံ့ပေးသင့်သည်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်သည် မှောင်ခိုသမားများ၊ ပွဲစားများနှင့် ငွေကြေးခဝါချလုပ်ငန်းဆောင်ရွက်သောသူများ ကြောင့် ဖြစ်ပေါ်ရသည့် လူကုန်ကူးမှု ဒီရေလှိုင်းကို ရပ်တန့်နိုင်လိမ့်မည်။
ဟောင်ကောင်၊ Lingnan တက္ကသိုလ်မှ (Sociology and Social Policy) PhD Candidate “Tual Sawn Khai”၏ ဆောင်းပါးကို အောင်မျိုးမြတ် ဘာသာပြန်သည်။