ဘန်ကောက်၊ အောက်တိုဘာ ၁၄

ထိုင်းအစိုးရအနေဖြင့် ကိုဗစ် ၁၉ ရောဂါဆိုင်ရာစည်းမျဉ်းတွေကို ဖြေလျှော့ဖို့ စဉ်းစားမှုတွေလုပ်ဆောင်နေပါတယ်။

ထိုင်းအစိုးရအနေဖြင့် လာမည့်နိုဝင်ဘာလတွင် နိုင်ငံကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး သွားလာရေးတားဆီးမှုများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းဖွင့်လှစ်မှုများကို ဖြေလျှော့ဖို့၊ အရေးကြီးဧရိယာသတ်မှတ်ချက်အရေအတွက်ကို လျှော့ချဖို့နဲ့ ညမထွက်ရအမိန့်ကို (၂)နာရီလျှော့ချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အစိုးရအိမ်တော်မှ လာတဲ့သတင်းတွေအရ ထိုင်းဝန်ကြီးချုပ်ဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထိန်းချုပ်မှုတွေကို ဖြေလျှော့မှုလုပ်လာတဲ့ နှစ်ပတ်အတွင်း အခြေအနေတွေကို ကြည့်ပြီးနောက် စည်းမျဉ်းတွေကို ထပ်မံဖြေလျှော့ဖို့ ပြောလာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအလိုက် နယ်မြေသတ်မှတ်ချက်တွေအဖြစ် အနီရင့်ရောင်ဇုံ၊ အနီရောင်ဇုံနဲ့ လိမ္မော်ရောင်ဇုံ၊ အဝါရောင်ဇုံသတ်မှတ်ချက်တွေကို ထပ်မံဖြေလျော့ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်မှုကိုလည်း နေ့စဉ် ည (၁၀)နာရီမှ မနက်(၄)နာရီအထိ ညမထွက်ရသည့် အမိန့်အစား ယခုလ (၁၆)ရက်နေ့မှစပြီး နေ့စဉ် ည (၁၁)နာရီ မှ မနက် (၃)နာရီအတွင်း မထွက်ရဆိုသည့် အမိန့်အဖြစ်ပြောင်းလဲသတ်မှတ်ရန် ရှိပါတယ်။

ထပ်မံအဆိုပြုချက်တွေမှာတော့ လူစုလူဝေးဖြင့် အစည်းအဝေးပြုလုပ်တာ၊ စင်တာတွေ၊ ဟိုတယ်တွေမှာ ယဉ်ကျေးမှုပွဲနှင့် ဖျော်ဖြေပွဲတွေပြုလုပ်တာတွေကို အရောင်သတ်မှတ်ထားသည့် ဇုံအလိုက် လူဦးရေကန့်သတ်ချက်ဖြင့် ခွင့်ပြုပေးဖို့ လုပ်နေတာဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွေကိုတော့ ည(၁၀)အထိ ပြုလုပ်ဖို့ ခွင့်ပြုနိုင်တယ်လို့ဆိုပါတယ်။

အနီရင့်ရောင်ဇုံမှာဆိုရင် လူ(၅၀)ဦးအထိစုဝေးနိုင်တာ၊ အနီရောင်ဇုံမှာ လူ(၁၀၀)ဦးအထိ စုဝေးနိုင်တာ၊ လိမ္မော်ရောင်ဇုံမှာ လူ (၂၀၀)ဦးအထိ စုဝေးနိုင်တာအပြင် အစိမ်းရောင်ဇုံမှာတော့ လူ(၅၀၀)ဦးအထိ စုဝေးနိုင်ဖို့ ခွင့်ပြုပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ လူစုလူဝေးပြုလုပ်မယ်ဆိုရင် ပွဲစီစဉ်သူတွေဟာ ဒေသဆိုင်ရာအာဏာပိုင်များထံကို ကြိုတင်ခွင့်ပြုချက်တင်ရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို နိုဝင်ဘာလ (၁)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပြီး စားသောက်ဆိုင်တွေမှာ အရက်ရောင်းချခွင့်ပိတ်ပင်ထားတာတွေကိုလည်း ဖြေလျှော့ပေးဖို့ရှိနေပေမယ့် ဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းတွေကိုတော့ ဒီဇင်ဘာလ (၁)ရက်နေ့မှ ပြန်ဖွင့်လှစ်ပေးဖို့ ရှိပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးပြန်လည်ထူထောင်ဖို့အတွက် ကူးစက်မှုအန္တရာယ်နည်းပါးတဲ့ နိုင်ငံတွေကလာမယ့် ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေကို ကွာရန်တင်း ဝင်စရာမလိုဘဲ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီးတော့ ဝင်ခွင့်ပြုမယ်လို့ ထိုင်းဝန်ကြီးချုပ်က ယင်း၏ ရုပ်သံမိန့်ခွန်းမှာ ပြောကြားထားခဲ့ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.