ဘန်ကောက်၊ အောက်တိုဘာ ၁၂

နိုင်ငံ့စီးပွားရေးကို ပြန်လည်အားဖြည့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုတရပ်အနေဖြင့် ထိုင်းအစိုးရသည် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ကူးစက်မှုအန္တရာယ်နည်းပါးသောနိုင်ငံများမှ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသား ခရီးသွားဧည့်သည်များကို ကွာရန်တင်းကန့်သတ်ချက်မရှိဘဲ ထိုင်းဘုရင့်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်။

ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာ၏ အောက်တိုဘာ ၁၁ ရက်နေ့ည၊ ထုတ်ပြန်ပြောကြားသော မိန့်ခွန်းတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း လိုအပ်ချက်မရှိဘဲ နိုင်ငံကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ထည့်သွင်းစဥ်းစားကြရန် ကိုဗစ် ၁၉ အခြေအနေစီမံခန့်ခွဲ ရေးစင်တာ (CCSA) နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့ကို ညွှန်ကြားထားခဲ့သည်ဟူ၍ ပါရှိသည်။

ရှေးဦးလိုအပ်ချက်များအနေဖြင့် ထိုကဲ့သို့သော နိုင်ငံတကာခရီးသွားဧည့်သည်များသည် မိမိတို့နိုင်ငံများမှ မထွက်ခွာမှီ RT-PCR ဖြင့် ဆေးစစ်ကာ ကိုဗစ်ကင်းစင်ကြောင်းကို ခရီးသွားစဥ်အတောအတွင်း တင်ပြရန်လိုအပ်ပြီး ထို့နောက် ထိုင်းနိုင်ငံသို့ရောက်ရှိချိန်တွင်လည်း နောက်ထပ်တစ်ကြိမ် အလားတူ ထပ်မံ စစ်ဆေးမှုကို ခံယူဖြစ်သည်။

အဆိုပါလိုအပ်ချက်များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ပြီးသည့် နောက်တွင် အဆိုပါ ခရီးသွားဧည့်သည်များ သည် ထိုင်းနိုင်ငံအတွင်းရှိ မည်သည့်နေရာကိုမဆို လည်ပတ်ခွင့်ရရှိမည်ဖြစ်ပြီး ကူးစက်အန္တရာယ်နည်းပါးသည့် နိုင်ငံများအဖြစ် ၁၀ နိုင်ငံအထိ သတ်မှတ်ထားရှိကာ ၎င်းတို့ထဲတွင် စင်ကာပူ၊ ဂျာမနီ၊ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့ပါဝင်သည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လာမည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် Òကူးစက်မှုအန္တရာယ်နည်းပါးသည့် စာရင်းÓ တွင် ခွင်ပြုမည့်နိုင်ငံများကို ပိုမို ဖြည့်သွင်းသွားမည်ဖြစ်ပြီး ထိုစာရင်းထဲတွင်မပါဝင်သော နိုင်ငံများမှ ခရီးသွားဧည့်သည်များအနေဖြင့် ကွာရန် တင်းလိုအပ်ချက်ကို လိုက်နာရန်လိုအပ်မည်ဟု ဝန်ကြီးချုပ် ပရရွတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် စားသောက်ဆိုင်များတွင် အရက်ယမကာရောင်းချခြင်းကို ပိတ်ပင်ထားသည့် တားမြစ်ချက်ကိုလည်း ရုတ်သိမ်းရန် စဥ်းစားနေသည်ဟု ပြောကြားခဲ့သည်ဟု အဆိုပါမိန့်ခွန်းတွင် ပါရှိပါသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.