သရက်ချောင်း၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက ဒေသခံပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းထားပြီး ကလေးနှစ်ဦးမိခင်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာလည်း ကျေးရွာအတွင်းက ကလေးနှစ်ဦးနဲ့ ၎င်းတို့မိခင်ဖြစ်သူတို့ကို ပျူ စောထီးနဲ့စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး ဖုန်းတွေထဲမှာ နိုင်ငံရေးအကြောင်းအရာတွေ ပြောဆိုထားတာရှိ မရှိ၊ PDF အဖွဲ့တွေနဲ့ ဆက်သွယ်မှု ရှိမရှိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“ရွာထဲက အိမ်တွေပေါ် တက်ရှာတယ်။ ဖုန်းတွေသိမ်းတယ်။ ပြီးရင် သူတို့မသင်္ကာတဲ့သူတွေဆို ဖမ်းသွားတယ်။ မနက်ကလည်း ရွာထဲက အမျိုးသားတစ်ဦး သူတို့လိုက်ရှာတယ်။ ယောင်္ကျားလုပ်တဲ့သူကို မတွေ့လို့ မိန်းမနဲ့ကလေး ၂ ဦးကိုခေါ်သွားတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ညက စော်ဖျားကျေးရွာက ဒလန် မောင်ရီနေအိမ်ကို လက်နက်ကိုင် လူတစ်စုမှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ပျူ စောထီးခေါင်းဆောင် ဦးအောင်စိန်နှင့် စစ်ကောင်စီတပ်တွေက စော်ဖျားကျေးရွာကိုရောက်ရှိလာပြီး ထင်တိုင်းကြဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းကလည်း ပျူစောထီးအဖွဲ့တွေက စော်ဖျားကျေးရွာမှာ နေအိမ် ၃ လုံးကို ဖျက်စီးခဲ့ပြီး သံဃာတော်များအပါအဝင် ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.