မော်လမြိုင် ၊ အောက်တိုဘာ (၈)

တရုတ်ဘက်က တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ငါးတင်ပို့မှု အားလုံးနီးပါး ရပ်ဆိုင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။

တရုတ်နိုင်ငံဘက်က ငါးတင်ပို့ရာမှာ ငါးတွေကို ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးဖို့နဲ့ ငါးလုပ်ငန်း လုပ်ကိုင်သူ အားလုံး ကိုဗစ် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ်ဆေးထိုးပြီးရင်လည်း ၂ ပတ် တစ်ကြိမ် ရောဂါ ရှိ မရှိ စစ်ဆေးဖို့ အပါအဝင် အချက် ၇ ချက် ညွှန်ကြားထားတာ ဖြစ်ပါတယ်။

တရုတ်ဘက်က တင်းကြပ်လိုက်တဲ့ စည်းကမ်းချက်တွေဟာ ကုန်ကျစရိတ် များစွာရှိလို့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

 “ ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း မရဘူး ။ နှစ်ပတ်တခါ ပြန်စစ်ဆေးရမယ့်ပေါ့။ သူတို့ပို့တဲ့ ခုနှစ်ချက်မှာ သုံးချက်လောက်က မလုပ်နိုင်ဘူး” လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

 ငါးလုပ်ငန်းရှင်တွေဟာ စက်သုံးဆီ ဈေးနှုန်းနဲ့ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ငါးအထိအမိ လျော့ကျလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

 တဖက်မှာတော့ တရုတ်ဈေးကွက် အဓိက မှီခိုနေရတဲ့အတွက်ကြောင့် ငါးတင်ပို့ခွင့် မရရင် လုပ်ငန်းတွေ ပိတ်သိမ်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ တရုတ်က ထုတ်တဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေကြောင့် ပြည်ပတင်ပို့တဲ့သူတွေရော ၊ အအေးခန်းလုပ်တဲ့သူတွေရောက အဆင်မပြေဖြစ်ရတယ်။ ပြည်ပ မပို့နိုင်တော့ အကုန်လုံးအတွက် ခက်တယ် ။ ပြည်တွင်းဈေးကွက်လောက်ပဲ ဆိုတော့ ရပ်တဲ့သူက ရပ်ကုန်ပြီး” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကို ဖြေလျော့ပေးဖို့ ပြန်လည် တင်ပြထားတယ်လို့ ငါးလုပ်ငန်းရှင်တွေ ဆိုကြပါတယ်။  တရုတ်နိုင်ငံဟာ မွန်ပြည်နယ်ကနေ နှစ်စဉ် ငါးတန်ချိန် ထောင်နဲ့ချီ ဝယ်ယူနေတာ ဖြစ်ပြီး၊ အဲလို ဝယ်ယူရာမှာ ငါးပုတ်သင်၊ ငါးသလောက်စတဲ့ ငါးတွေကို အဓိကထား ဝယ်ယူနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.