ချောင်းဆုံ၊စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ မီတာခမပေးသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ချောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ လာဆောင်ကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။

“မီတာခမသွင်းရင် မီတာဘောက်စ်ဖြုတ်သိမ်းမယ်လို့ ပြောလာတယ်၊ ကျွန်တော်တို့ ရွာဘက်တော့မလာသေးဘူး၊ တချို့ရွာ(နတ်မှော်ရွာ)ဘက်မှာတော့ မီတာခမဆောင်လို့ မီတာဘောက်စ်တွေ ဖြုတ်သိမ်းနေတယ်”လို့ ချောင်းဆုံဒေသခံ တစ်ဦးက ပြောပါတယ်။

အခုအခါ ပြည်သူတွေဟာ အခြေခံစားသောက်ကုန် ဈေးနှုန်းအပါအဝင် စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာလို့ မိသားစုဝမ်းရေးအတွက် မနည်းဖြေရှင်းနေရတဲ့အတွက်ကြောင့် မီတာခတွေကို တစ်လုံးတခဲတည်း ဆောင်ဖို့ အခက်အခဲရှိနေကြပါတယ်။



“အခုကာလက သိကြတဲ့အတိုင်းပဲ။ ခေတ်ကလည်းမကောင်းဘူး။ စားဝတ်နေရေးအတွက်တောင် တော်တော်ရုန်းကန်နေကြရတဲ့အချိန်မှာ အခုလို ပိုက်ဆံတလုံးတခဲတည်းပေးနိုင်ဖို့က ဘယ်လိုမှမလွယ်ဘူး”လို့ ချောင်းဆုံ ဒေသခံတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ အာဏာသိမ်း စစ်ကောင်စီက ချောင်းဆုံမြို့နယ်အပါအဝင် မြို့နယ် ၉ မြို့နယ်မှာ လျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ ဆက်တိုက်ဖိအားပေးလာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အိမ်သုံးမီတာခတွေကို အခမဲ့(ကင်းလွတ်ခွင့်) ပေးအပ်ထားတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.