မော်လမြိုင် ၊ စက်တင်ဘာ၂၈

မွန်ပြည်နယ်အတွင်းရှိ အဝေးပြေး ကာဂိတ်တွေမှာ CCTV တပ်ဆင်ဖို့နဲ့ မျက်နှာကို ဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းအားလုံးကို စက်တင်ဘာလ (၂၄)ရက်နေ့က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဝေပြေးကားဂိတ်တွေမှ တဆင့် လူမဲ့တန်ဆာတွေ ပစ္စည်းတွေ ပေးပို့ရာမှာ ခိုင်လုံတဲ့ အထောက်အထား အဖြစ်ဖို့အတွက် မှတ်ပုံတင်မိတ္တူ ရယူကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

CCTV တွေကို အရင်ထဲက တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် အခက်အခဲ မရှိပေမယ့် မျက်နှာကို ဖတ်နိုင်တဲ့ စက်တပ်ဆင် ဖို့အတွက် အခက်အခဲ ရှိကြောင်း၊ ပစ္စည်းပို့ဆောင်တဲ့ သူတွေဆီကနေ မှတ်ပုံတင် မိတ္တူတောင်းယူ ဖို့အတွက်လည်း အခက်အခဲ ရှိတယ်လို့ ယာဉ်လုပ်ငန်းရှင် တွေက ပြောပါတယ်။

“CCTVက နဂိုတည်းက တပ်ထားတယ်ဗျ၊ ကိုယ့်ဂိတ်မှာ ပစ္စည်းပျောက်တာတို့ ပစ္စည်း လာဆွဲတာတို့ ဖြစ်မှာဆိုးလို့ CCTVတော့ အမြဲတမ်း တပ်ထားတယ်၊ နောက် မျက်နှာ ဖတ်တဲ့စက်တွေတော့ မတပ်နိုင်ဘူး၊ သူတို့ အလကား ပေးရင်တော့ တပ်ဖြစ်မှာပေါ့၊ ကျွန်တော်တို့ ဂိတ်တွေမှာ ပစ္စည်းလာထုတ်လို့ရှိရင် မှတ်ပုံတင် နံပါတ်တို့ ဖုန်းနံပါတ်တို့ ကောက်တာပဲလေ၊ မှတ်ပုံတင် မိတ္တူယူ ဖို့ကတော့ သိပ်အဆင်မပြေဘူးလေ၊ ဒါသက်သက်မဲ့ ကားလိုင်ကိုကြပ်တဲ့ ပုံစံ ဖြစ်နေတာပေါ့”လို့ ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ပြောပါတယ်။



ပစ္စည်းပို့ရင် မှတ်ပုံတင် မိတ္တူ တောင်းခံ တာဟာ အရင်က တစ်ခါမှ မရှိခဲ့ဖူးဘဲ စစ်ကောင်စီ လက်ထက်မှသာ လုပ်ဆောင်တာ ဖြစ်ပြီး မှတ်ပုံတင် မိတ္တူတွေကို တစ်ခုခု လုပ်မှာကို စိုးရိမ်မှု ရှိတယ်လို့ Online Shopping လုပ်သူတွေက ပြောပါတယ်။

“ပစ္စည်းပို့တာ ဆိုရင် နှစ်နဲ့ ချီနေပြီး အခုမှ မှတ်ပုံတင် မိတ္တူ ယူမယ်ဆိုတာ ကြားဖူးတာ၊ မှတ်ပုံတင်နံပါတ်တို့ ဖုန်းနံပါတ်တို့ဆို လက်ခံလို့ ရသေးတယ်၊ မှတ်ပုံတင်မှာက နေရပ်လိပ်စာ အတိအကျ ပါနေတယ်ဆိုတော့ မိတ္တူယူပြီး အဲ့ဒီ မိတ္တူနဲ့ သူတို့တွေ ဟိုအဖွဲ့နဲ့ ပတ်သက်တယ် ဒီအဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာတွေ လုပ်မှာတော့ စိုးရိမ် ရတာပေါ့”လို့ Online Shopping လုပ်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ‌တော့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီရဲ့ ညွှန်ကြားချက်မှာတော့ CCTVနဲ့ မျက်နှာဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့၊ လူမဲ့ ပစ္စည်းပို့ဆောင်ရာမှာ မှတ်ပုံတင် မိတ္တူယူဖို့နဲ့ နေ့စဉ် လက်ခံ ပေးပို့ စာရင်းတွေကို မှတ်တမ်း ပြုစုထားဖို့ စတဲ့အချက်တွေပါရှိပါတယ်။

မွန်ပြည်နယ် အတွင်းမှာတော့ အနယ်အရပ်ရပ်ကို ပို့ဆောင်တဲ့ ယာဉ်လိုင်း ပေါင်း (၇၃)လိုင်းရှိ ပြီး လက်ရှိမှာတော့ ခရီးသွား နည်းတာကြောင့် ပစ္စည်းတွေကိုသာ အဓိက ပို့ဆောင်နေရတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.