ဘီးလင်း၊ စက်တင်ဘာ ၂၂
စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှာ အုပ်စုဖွဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အုပ်စုဖွဲ့ လုယက်သူတွေဟာ လူသွားလူလာနည်းတဲ့ မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအဆင်းလမ်းတွေမှာ လုယက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ အမျိုးသမီးတစ်ဦး ဘီးလင်းကနေ ရွာဘက်ဆင်းတဲ့လမ်းမှာ ဆိုင်ကယ်လုခံရတယ်လို့ သိရတယ်။ လုယက်တဲ့သူတွေမှာ ဓါးတွေပါတယ်။ သူတို့က လူပြတ်တဲ့နေရာ အဖော်မပါဘဲ တစ်ယောက်တည်း သွားတဲ့သူတွေကို အဓိကထား လုယက်တာတွေလုပ်နေတယ်”လို့ ဘီးလင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
ဘီးလင်းမြို့နယ်မှာတော့ အခုလအတွင်း လုယက်ခံရမှုပေါင်း ၇ ကြိမ်ထက်မနည်း ရှိလာပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သွားလာတာတွေ လုပ်မယ်ဆိုရင် အဖော်ခေါ်သွားကြဖို့နဲ့ ရွှေငွေတွေ ဝတ်ဆင်တာတွေ မလုပ်ကြဖို့ ဒေသခံတွေ တိုက်တွန်းပါတယ်။
ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာပြည်သူများကို လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေပေမယ့် ဒေသခံပြည်သူတွေမှာ လုယက်ခံရမှုတွေရှိနေပါတယ်။
သတင်း- သံလွင်တိုင်းမ်