မော်လမြိုင်၊ စက်တင်ဘာ၊ ၂၈

စစ်တပ် အာဏာသိမ်းပြီးနောက် တောရော မြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကြောင်း စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ် သက်တမ်း ၅ လကြာ ထပ်တိုးကြောင်း စစ်ကောင်စီရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အပစ်ရပ်ကာလကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်အပစ်ရပ်ဆိုင်းပေးတယ်လို့ ဆိုထာပေမယ့် ခြွင်းချက်မရှိ အပစ်ရပ်ဆိုင်းပေးထားတာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။



စစ်ကောင်စီရဲ့ ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုကို ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အပစ်ရပ်စဲကြောင်း တိုးမြှင့်ကြေညာနေပေမယ့် မြေပြင်မှာတော့ တိုင်းရင်းသားနယ်မြေတွေထဲကို စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.