ဘန်ကောက်၊ စက်တင်ဘာ ၂၇

ဝန်ကြီးချုပ် Prayut Chan-o-cha နှင့် နိုင်ငံရေးအရ စိန်ခေါ်လိုသူ ခေါင်းဆောင် Thamanat Prompow တို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် လက်ချင်းတွဲခဲ့ကြသည့် ဝန်ကြီးချုပ် Prayut နှင့် ဒုဝန်ကြီးချုပ် Prawitတို့ လူနှစ်ဦးအကြား ထင်မြင်ယူဆချက်များသည် အလွန်နက်ရှိုင်းသော စိတ်ဝမ်းကွဲမှုအခြေအနေတစ်ရပ်ကို ကျော်လွန်လာခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ ထိုင်းဝန်ကြီးချုပ်ကို နိုင်ငံရေးအရစိန်ခေါ်သည့် ခေါင်းဆောင် Thamanat ဆိုသည်မှာ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon ၏ ညာလက်ရုံးဖြစ်သည်။

တော်ဝင်မျိုးနွယ်၏ ကျောထောက်နောက်ခံကို ဆုံးရှုံးလိုက်ရပြီးဟု ကောလဟာလများကို ပျံ့နှံ့စေခဲ့ခြင်းနှင့်အတူ အဓိကအားဖြင့် ဝန်ကြီးချုပ်၏ ဦးဆောင်မှုကို အဖျက်အမှောင့်ဖြစ်စေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်များကြောင့် လက်ထောက် စိုက်ပျိုးရေးဝန်ကြီး ခေါင်းဆောင် Thamanat ကို ဝန်ကြီးချုပ်ပရရွတ်က ရာထူးမှ ဖယ်ရှားခဲ့ပြီး အစိုးရအဖွဲ့မှ ထုတ်ပယ်ခဲ့သည်။  

ခေါင်းဆောင် Thamanat သည် ဝန်ကြီးချုပ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုများကို သွေးခွဲရန် ကြိုးစားနေခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ခေါင်းဆောင် Thamanat သည် လတ်တလော ကျင်းပနေဆဲဖြစ်သည့် အစိုးရအဖွဲ့ဒီဘိတ် အစည်းအဝေးတွင်လည်း ဝန်ကြီးချုပ်ပရရွတ်ကို ဆန့်ကျင်ရန် အနည်းစုသော နိုင်ငံရေးသမားများနှင့်အတူ လက်တွဲထားခဲ့သည်။

ခေါင်းဆောင် Thamanat ကို အစိုးရအဖွဲ့မှ ထုတ်ပယ်လိုက်သော်ငြား ဝန်ကြီး ပရာဝတ် အနေဖြင့် ခေါင်းဆောင် ထမာနက်ကို လူထုအာဏာဟုအမည်ရသော PPRP ပါတီ (พลังประชารัฐ – Palang Pracharath Party’s )တွင် အထွေထွေအတွင်းရေးမှူးရာထူးမှ စွန့်ခွာရန် ခွင့်မပြုခဲ့ပါ။  

ဤနေရာတွင် မေးခွန်ရှိလာပါသည် _ ဤကဲ့သို့သော ပါတီတွင်း ပဋိပက္ခကြောင့် နောက်လာမည့် ရွေးကောက်ပွဲကြီး လွန်မြောက်လျှင် PPRP အနေဖြင့် ပြန်လာနိုင်ဖို့ အခွင့်အရေးက နည်းပါးသွားနိုင်မည်လား။

နိုင်ငံရေးရေးအကျပ်အတည်းများကို ကြုံတွေ့လာပြီးသည့်နောက် PPRP ပါတီအတွင်း ပုဂ္ဂိုလ်ရေး ခိုင်မာမှုကို ပိုမိုအားကောင်းရန် စီစဥ်ထားနိုင်ခဲ့သော ဝန်ကြီးပရရွတ်သည် “သူ့အပေါ်ကျရောက်လာမည့် တိုက်ခိုက်မှုကို ရှောင်ရှားမှာမဟုတ်”ဟူ၍ ရှင်းလင်းပြောကြားခဲ့သည်။  

ကိုဗစ် ၁၉ အခြေအနေ ပိုမိုတည်ငြိမ်လာခြင်းနှင့်အတူ ဝန်ကြီးချုပ်က သူ၏ကျော်စောမှုက ပြန်လည်မြင့်တက်လာနိုင်သည်ဟူသော ယုံကြည်မှုရှိလာခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ပရရွတ်သည် နောက်ထပ် ကျင်းပမည့်ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ထင်မြင်ရပြီး၊ ထိုရွေးကောက်ပွဲအလွန်တွင် တိုင်းပြည်ကို နောက်ထပ်သက်တမ်းတစ်ခုစာ အုပ်ချုပ်သွားနိုင်မည့် အလားအလာရှိနေသည်။

အကယ်၍သာ အဆိုပါအလားအလာအတိုင်း ဖြစ်မြောက်အောင်မြင်ခဲ့ပါလျှင် ၂၀၁၄ စစ်အာဏာသိမ်းမှုဖြစ်စဥ်ကတည်းက အာဏာရယူထားခဲ့သော ဝန်ကြီးချုပ်ပရရွတ်သည် ဆန္ဒအလျောက် ရာထူးမှ မစွန့်ခွာမီ ထိုင်းနိုင်ငံကို ၈ နှစ်နှင့် ၅ လတိတိ အုပ်ချုပ်ခဲ့သော ကွန်လွန်သူ ဝန်ကြီးချုပ် Prem Tinsulanonda ထက်ကို ကျော်လွန်သွားလိမ့်မည်။

သို့သော်လည်း ထိုနေရာတွင် ကြီးမားသော အကျပ်အတည်းတစ်ရပ်က ဆက်၍ရှိနေသေးသည်။ အမြင့်ဆုံး ဝန်ကြီးချုပ်တစ်ဦး၏ အာဏာရပိုင်ခွင့်ကို ၈ နှစ်အထိသာ ပဋိညာဥ်က ကန့်သတ်ထားသည်။

စစ်အာဏာသိမ်းမှုနှင့် အတူ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် အစိုးရအိမ်တော်သို့ ရောက်ရှိလာခဲ့သော ဝန်ကြီးချုပ်ပရရွတ်သည် တိုင်းပြည်ကို ၇ နှစ်နှင့် ၁ လ တိတိ အုပ်ချုပ်ခဲ့ပြီးဖြစ်သည်။ လက်ရှိဝန်ကြီးချုပ်၏ သက်တမ်းသည် နောက်နှစ် ဩဂုတ်လ ၂၄ ရက်နေ့ဖြစ်ပြီး သူသည် တိုင်းပြည်ကို ၈ နှစ်ကျော်အထိ အုပ်ချုပ်ခဲ့ပြီးသည့်အပြင် ပဋိညာဥ်အရ ကန့်သတ်ချက်အတိုင်းလည်း ဝန်ကြီးချုပ်တစ်ဦး၏ သက်တမ်းကာလ အဆုံးသတ်ကို ဆိုက်ရောက် နေပြီးဖြစ်သည်။

ပရရွတ်၏ နိုင်ငံရေးပြိုင်ဘက်များသည် သူ၏ တရားဝင်မှုကို စိန်ခေါ်ဖို့ အခွင့်အရေးတစ်ရပ်ရှာဖွေလာနိုင်ပြီး နိုင်ငံ၏ အမြင့်ဆုံးဥပဒေကို လေးစားရန်နှင့် ရာထူးမှ စွန့်ခွာရန်အတွက်လည်း ဖိအားပေးနိုင်သည်။ အဆိုပါ နိုင်ငံရေးပြိုင်ဘက်များသည် အခြေခံဥပဒေခုံရုံး၌ ဝန်ကြီးချုပ်ပရရွတ်ကို ဦးတည်သည့် တရားစွဲဖို့ ဆောင်ရွက်နိုင်ချေ ရှိပါလိမ့်မည်။

ထိုင်းနိုင်ငံကို အစိုးရ သက်တမ်း ၂ ဆက်နီးပါး အုပ်ချုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ ဖယ်ရှားခံရကာ ထိုင်းနိုင်ငံပြင်ပသို့ ထွက်ခွာခဲ့ရသော ဝန်ကြီးချုပ် သက်ဆင် လက်ထက်တွင် အဆိုပါအခြေအနေကို ရှုမြင်နိုင်ပြီး ၂၀၁၇ ခုနှစ်တွင် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို နိုင်ငံရေးတွင် အချိန်ကြာကြာ ပါဝင်နေပြီး စနစ်ကို အလွဲသုံးစားမဖြစ်စေရန် ရည်ရွယ်ပြီး ၈ နှစ်ပဋိဉာဥ်ကို သတ်မှတ်ပြဌာန်းခဲ့သည်။

သို့သော်ငြားလည်းပဲ ဝန်ကြီးချုပ် ပရရွတ်အနေဖြင့် ဥပဒေ၏ လစ်ဟာကွက်များကို အခွင့်ကောင်းယူဖို့ ဖြစ်နိုင်ချေရှိပါသည်။

အစိုးရအဖွဲ့၏ ဥပဒေဂုရုဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဝီဆာနူ က ဝန်ကြီးချုပ်ရင်ဆိုင်ရဖွယ်ရှိသည့် ၈ နှစ်အကန့် အသတ်နှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေကို ပယ်ချထားပြီးသားဖြစ်သည်။ ၂၀၁၄ ခုနှစ်ကို ဗိုလ်ချုပ်ပရရွတ်၏ ရုံးလုပ်ငန်းတာဝန်ကို စတင်ထမ်းဆောင်သည်ဟု မသတ်မှတ်ပဲ ဧပြီလ ၂၀၁၈ ခုနှစ်ကိုသာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်နှစ်ဟု သတ်မှတ်ပါက အမြင့်ဆုံးဥပဒေအရ ကင်းလွတ်ခွင့်ရှိနိုင်ကြောင်းကို မီဒီယာအင်တာဗျူး တစ်ခုတွင် မစ္စတာ ဝီဆာနူက အခိုင်အမာပြောဆိုခဲ့သည်။

ယခုတွင် ဖျက်သိမ်းလိုက်ပြီးဖြစ်သော ပဋိဉာဥ်ရေးဆွဲရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ အူဒုမ် ရဒ်အမ်ရစ်၏ ထင်မြင်ချက်အရ ဗိုလ်ချုပ်ပရရွတ်ကို တော်ဝင်အသိုင်းအဝိုင်းမှ တင်မြှောက်သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့ မှသာ စတင်ရေတွက်သင့်ပြီး ထိုနေ့သည် ပရရွတ်သည် ဒုတိယသက်တမ်းအတွက် ပထမဆုံးတာဝန်ထမ်းဆောင် သည့် နေ့ဖြစ်သည်ဟု ပါရှိသည်။

ထိုကဲ့သို့သော လှည့်ကွက်တစ်ခုနှင့်အတူ ၎င်းအခြေအနေသည် ဗိုလ်ချုပ် ပရရွတ်အတွက် သူ၏ နိုင်ငံရေး ရည်မှန်းချက်များကို ဆက်လက်အကောင်ထည်ဖော်သွားနိုင်သည်ဟု ထောက်ပြကြသည်။ စစ်တပ်မှ ခန့်အပ်တာ ဝန်ပေးသော အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခိုင်အမာအားပေးမှုကို ဖော်ညွှန်ခြင်းမပြုပဲ လွှတ်တော်တွင်းရှိ ၂၅၀ သော ကိန်းဂဏန်းက ဝန်ကြီးချုပ်ပရရွတ်ကို ၂၀၂၇ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ (အုပ်ချုပ်ခွင့်ကို ၁၃နှစ်အထိ) ဆက်သွားနိုင်ဖို့ အားကောင်းစွာ စွမ်းဆောင်ပေးနိုင်လိမ့်မည်။

ဤအခြေအနေသည် Field Marshal Plaek Pibulsongram ပြီးနောက် ထိုင်းနိုင်ငံရေးသမိုင်းတွင် ပရရွတ်ကို ဒုတိယအကြိမ်မြောက်  အချိန်အတော်ကြာ ဝန်ကြီးချုပ်ရာထူးအား တာဝန်ထမ်းဆောင်သူအဖြစ် ဖြစ်စေနိုင်ပါလိမ့်မည်။

သို့သော်ငြားလည်း နိုင်ငံရေးဆိုသည်အရာက မှန်းဆရန်ခက်ခဲလှသည်။ ဒုတိယဝန်ကြီးချုပ် ဝီဆာနူ၏ rationale သည် ယနေ့ သို့မဟုတ် အနာဂတ်အတွင်းမှာလည်း မဖြစ်နိုင်သေးပါ။ ၎င်းအခြေအနေသည် ၂၀၁၄ ခုနှစ်အတွင်း အာဏာကိုရယူပြီး “ကျွန်တော်ကို အချိန်လေးနည်းနည်းပေးပါ” ဟု ထုတ်ပြန်ပြောဆိုချက်ဖြင့် နာမည်ကျော် ကြားခဲ့သော ဗိုလ်ချုပ် ပရရွတ် အပေါ်များစွာ မူတည်နေပြီး ၇နှစ် -၈ နှစ်ကြာ အတိုင်းအတာသည် အာဏာကို ထိန်းသိမ်းရယူဖို့ရန် လုံလောက်သော အချိန်ဟု ထင်မြင်ခဲ့ပုံရသည်။  

ယခုလအစောပိုင်းအတွင်းမှာ ဗိုလ်ချုပ်ဘဝမှ နိုင်ငံရေးသမားအဖြစ် အသွင်းပြောင်းလာသည့် (မိုးကျရွှေ ကိုယ်များ) အပေါ် ကောက်ခံရရှိသော အမြင်သဘောထားစစ်တမ်းအရ ထွက်ပေါ်လာသည့် လူထု၏ မနှစ်မြို့မှုကိုလည်း ကျွန်ုပ်တို့အနေဖြင့် ထည့်သွင်းကြည့်ရှုရန် လိုအပ်သည်။ တုံ့ပြန်ဖြေဆိုသူများ၏ ၅၈ % က ဗိုလ်ချုပ်ပရရွတ်သည် ရာထူးမှ စွန့်ခွာသင့်သည်ဟု ဖြေဆိုထားကြပြီး ၂၀% သောဖြေဆိုသူများက ပရရွတ်ကို လက်ရှိရာထူးဖြင့် ဆက်လက် ၍ တာဝန်ထမ်းဆောင်စေလိုကြသည်။  

၂၀၁၄ ခုနှစ်အာဏာသိမ်းမှုမှဆင်းသက်လာသောပဋိပက္ခများကြောင့် လူထုမှာ  များစွာပင်ပန်းနေပြီဟု ဆိုနိုင်ပါသည်။ ပြင်းထန်သော စစ်အုပ်ချုပ်ရေး၏ ရလဒ်ကြောင့် ငြိမ်းချမ်းသော ကာလမှာတိုတောင်းခဲ့ရသည်။ ထိုအခြေအနေမှစတင်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သန္ဓေတည်လာခဲ့သည့် နိုင်ငံရေး မကျေနပ်မှု များကို ထင်ဟပ်သော လှုပ်ရှားမှုများ အထူးသဖြင့်လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ် လာသည်။ အကယ်၍ အငြင်းပွားဖွယ် ၂၀၁၇ ပဋိဉာဉ်ကို ပြင်ဆင်ပြဌာန်းခြင်းမရှိပဲ ဗိုလ်ချုပ်ပရာယွတ်သည် အာဏာဆက် လက်တည်မြဲနေမည်ဆိုလျှင် တိုင်းပြည်သည် ဆိုးရွားသောနိုင်ငံရေးအကျပ်အတည်းတွင် ပိတ်မိနေပါလိမ့်မည်။

ဗိုလ်ချုပ်ပရရွတ် သူ့ကိုယ်သူ ထိုပြဿနာများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထင်မြင်ပုံ မရပါ။ ခေါင်းဆောင် ထမာနတ်ကို ဖယ်ရှားခဲ့ပြီးနောက် ဗိုလ်ချုပ် ပရရွတ်သည် နောက်ထပ် နိုင်ငံရေးစိန်ခေါ်မှုများအတွက် အဆင့်သင့်ဖြစ်နေကြောင်း ပြောဆိုခဲ့သလို PPRP ၏ မဲဆန္ဒနယ်ဧရိယာများသို့လည်း စစ်ဆေးရေးခရီးစဥ်များကို အကြိမ်အရေအတွက် မြောက်များစွာ သွားရောက်ခဲ့သည်။

ခေါင်းဆောင် Thamanat ဖယ်ရှားခံရသည့်အတွက်ကြောင့် ဗိုလ်ချုပ် Prawit သည် စိတ်အနှောက်အယှက် ဖြစ်ရသည်မှာ လွန်စွာမှ ထင်ရှားသည်။ PPRP ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးကောက်ခံထားရသော ခေါင်းဆောင် ထမာနတ်သည် ဗိုလ်ချုပ် Prawit ၏ အထောက်အပံ့ဖြင့် ပေါ်ထွက်လာနိုင်သည့် ကြယ်တစ်ပွင့် ဖြစ်သည်။ ပါလီမန်အဖွဲ့ဝင်အရေအတွက်တစ်ချို့ကိုလည်း သူထိန်းချုပ်ထားနိုင်သလို အဆိုပါထိန်းချုပ်မှုကို ပိုင်ဆိုင်ရသည့်အကြောင်းအရင်းမှာ နိုင်ငံရေးပါတီငယ်များမှ အနည်းစု နိုင်ငံရေးသမားများကို PPRP အတွင်း ဝင်ရောက်ရန် ဆွဲခေါ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ခေါင်းဆောင် Thamanat ကို ဗိုလ်ချုပ် Prawit ၏ နံဘေးတွင် ရှိနေစေသောကြောင့်   (Prawit နှင့် Prayut) တို့၏ လက်ချင်းချိတ်ညီအစ်ကိုနှစ်ဦးအကြား မျက်နှာချင်းဆိုင်မရသည့် အာဏာကစားပွဲတွင် ခေါင်းဆောင် Thamanat ကို ထည့်သွင်းထားသည်ဟု အများစုက ထင်ကြေးပေးကြသည်။ ယခုပင်လျှင် ကွင်းဆင်းခရီးစဥ်များကို Prawit နှင့် Prayut တို့သည် ကွဲပြားစွာ စီစဥ်ထားကြပြီး တစ်ရက်တည်းတွင် တစ်ဦးက အယုဒ္ဓယသို့သွားရောက်ချိန်တွင် နောက်တစ်ဦးက ပချွန်ဘူရီသို့ သွားရောက်ခဲ့ကြကာ အများအမြင်တွင် ယင်းတို့နှစ်ဦးသည် “နပန်းပွဲ”ကျင်းပနေ ကြသည်ဟု ထင်ကြေးပေးလိုဟန်ရှိသည်။ ဝန်ကြီးချုပ်ကို ရာထူးမှ ညင်ညင်သာသာထွက်ခွာစေလိုသောကြောင့် ဒါဇင်နှင့်ချီသော PPRP နိုင်ငံရေးသမားများသည် ဗိုလ်ချုပ် Prawit ကို လက်ခံရန် အင်တိုက်အားတိုက် စုဝေးလာခဲ့ကြသည်။

သို့သော်လည်း ဗိုလ်ချုပ် Prayut နှင့် သူ၏ အစ်ကိုကြီး (Prawit) တို့နှစ်ဦးစလုံးကို ခွဲခြား၍မရသည်မှာလည်း ထည့် သွင်းစဥ်းစားရန်အချက်တစ်ချက်ဖြစ်သည်။ တစ်ဦးစီဖြစ်နေသော်ငြားလည်း တစ်ဦးနှင့်တစ်ဦး၏ ကျောထောက် နောက်ခံမှာ တူညီနေကြသည့်အတွက်ကြောင့် မည်သည့်အခါမျှ ကွဲကွာနိုင်ကြမည်မဟုတ်ပါ။

နိုင်ငံရေးအာဏာအပေါ်သို့ အနှောက်အယှက်ဖြစ်ပေါ်လာနိုင်ချေ ရှိနေသည့်အတောအတွင်းမှာပင် ပိုမိုကြီးမား သော နိုင်ငံရေးရယူနိုင်ရန်အတွက် သူတို့သည် ကိုယ်စီပါဝင်မှုအခန်းကဏ္ဍများကို ကွဲပြားစေကြသည်။ ရုတ်တရက်ဖြစ်ပေါ်လာနိုင်ချေရှိသော ဗိုလ်ချုပ် Prayut ၏ ရာထူးမှာစွန့်ခွာရေး အဖြစ်အပျက်အတွင်း ဗိုလ်ချုပ် Prawit သည် ပထမဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူရန် အဆင်သင့်ရှိနေပြီး “ထိုင်းအတွက်” ဟုအမည်ရသော Pheu Thai ပါတီအပါအဝင် ပါတီတိုင်းနှင့် ဆက်ဆံရေးကောင်းသူတစ်ယောက်အနေဖြင့် PPRP ၏ ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း တပါတည်း တာဝန်ယူနိုင်သည်။

PPRP ပါတီဝင်များသည်လည်း နောက်ထပ်ရွေးကောက်ပွဲများအတွင်း ဝင်ရောက်ယှဥ်ပြိုင်ကြပါလျှင် ယင်းတို့၏ နိုင်ငံရေးအနာဂတ်ကို ပါတီ၏ အထူးခြားဆုံးခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ် Prawit ထံ ဆည်းကပ်ရမည်ကို ကောင်းစွာ သိရှိနားလည်ကြသည်။

အထူးသဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများသည်လည်း ပွဲပန်းလာပြီးဖြစ်သောကြောင့် ဗိုလ်ချုပ်ပရရွတ်အနေ ဖြင့် ယခုချိန်မှစတင်၍ တိုင်းပြည်ကို လည်ပတ်နိုင်ရန်ဖို့ နည်းလမ်းရှာရေးတွင် ပိုမိုလွယ်ကူလာနိုင်သည်။ ထို့အပြင် အတိုက်အခံပါတီများသည်လည်း ယင်းတို့၏ လှုပ်ရှားမှုများကို များများစားစား မလုပ်နိုင်သော်လည်း နောက်နှစ် မေလအတွင်း လွှတ်တော်ခေါ်ယူချိန်ထိ စောင့်ဆိုင်းနိုင်ပါသည်။

အဆိုပါ နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပျက်နေသည့် အတောအတွင်းမှာပင် ကာကွယ်ဆေးရရှိနိုင်မှုကို မြှင့်တင်ထားနိုင်ခဲ့သောကြောင့် ကိုဗစ် ၁၉ အခြေအနေမှာ ပိုမို တည်ငြိမ်လာခဲ့ပြီး အဆိုပါအခြေအနေသည် Prayut ၏ အုပ်ချုပ်ရေးအပေါ်ကျရောက်နေသည့် ဖိအားများကိုလည်း ကုစားနိုင်ခဲ့သည်။ တိုင်းပြည် GDP ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရှိလာခြင်းသည်လည်း နိုင်ငံ၏ အုပ်ချုပ်စီမံရေးအတွင်းတွင် ကောင်းမွန်သော ငွေကြေးစီးဆင်းမှုတည်ရှိသည်ဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

အထက်တွင် ပြောခဲ့သည့်အတိုင်းပင် နိုင်ငံရေးဆိုသည်မှာ မှန်းဆ၍ မဖြစ်နိုင်ပါ။ မည်သည့်အရာမဆို ဖြစ်ပျက်နိုင်သည်။ ဗိုလ်ချုပ်ပရရွတ်၏ ကျော်စောမှုသည်လည်း ပြင်းထန်စွာကျဆင်းသွားနိုင်သလို ၈ နှစ်တာ ကန့်သတ်ချက်နှင့် ပတ်သက်ပြီး ပဋိဉာဥ်ခုံရုံးသည်လည်း ဝန်ကြီးချုပ် ပရရွတ်၏ လိုလားချက်ကို စိုးမိုးနိုင်လိမ့်မည် မဟုတ်ပါ။

အဆိုပါအဖြစ်သနစ်သည် ဗိုလ်ချုပ် Prayut အတွက် နိုင်ငံရေးထိုးနှက်ချက်ဖြစ်စေနိုင်ပြီး ခေါင်းဆောင် ထမာနက်သည် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတစ်ခုကို ပေးအပ်ကောင်း ပေးအပ်နိုင်ပါလိမ့်မည်။

မူရင်းရေးသားသူ – CHAIRITH YONPIAM (ASSISTANT NEWS EDITOR) Bangkok Post ဆောင်းပါးကို အောင်မျိုးမြတ်ဘာသာပြန်ဆိုသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.