နယူးဒေလီ၊ စက်တင်ဘာ ၂၀

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးမျှဝေရေး အစီအစဥ် Covax နှင့် အိမ်နီးချင်းနိုင်ငံများကို ထောက်ပံ့မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ဦးစားပေးသည့်အနေဖြင့် အိန္ဒိယနိုင်ငံသည် ကိုဗစ် ၁၉ ကာကွယ်ဆေးများ တင်ပို့ခြင်း နောက်သုံးလပတ်မှ စတင်၍ နဂိုအတိုင်း ပြန်လည် ဆောင်ရွက်မည်ဟု အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီး စက်တင်ဘာလ ၂၀ ရက်နေ့ (တနင်္လာနေ့) က ပြောကြားခဲ့သည်။

ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ကူးစက်မှုများ ပေါက်ကွဲပျံနှံ့ လာသောကြောင့် နိုင်ငံအတွင်းရှိ လူဦးရေစုစုပေါင်းကို အာရုံထားလုပ်ဆောင်နိုင်ရန်အတွက် ဧပြီလအတွင်းတွင် ကိုဗစ် ၁၉ ကာကွယ်ဆေး တင်ပို့မှုများကို ရပ်ဆိုင်းခဲ့သည်။

နိုင်ငံ၏ လအလိုက် ကာကွယ်ဆေးထွက်ရှိသည့်နှုန်းသည် နှစ်ဆရှိပြီး နောက်လအတွင်းတွင် ကာကွယ်ဆေး အရေအတွက် ၃၀၀ မီလီယမ် လေးဆအထိ ထုတ်လုပ်နိုင်ရန် စီစဥ်ထားသည်ဟု ဝန်ကြီး Mansukh Mandaviya က ပြောကြားခဲ့ပြီး ပိုလျှံနေသော ဆေးများကို ပြည်ပသို့တင်ပို့မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့အနေဖြင့် အခြားသော နိုင်ငံများကို ကူညီပေးသွားမှာပါ ဒါကလည်း Covax အစီအစဥ်အောက်မှာရှိတဲ့ မိမိတိုရဲ့ တာဝန်ယူနိုင်စွမ်းကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။  

လွန်ခဲ့သော သီတင်းပတ်အတွင်း ရိုက်တာသတင်းဌာန၏ သတင်းပေးပို့ချက်တွင် အိန္ဒိယနိုင်ငံသည် ကိုဗစ် 19 ကာကွယ်ဆေးတင်ပို့မှုများကို မကြာခင် ပြန်လည်စတင်နိုင်ရန် စဥ်းစားနေသည်ဟူ၍ ပါရှိသည်။ ပြည်ပတင်ပို့မှု ရပ်ဆိုင်းမှုမတိုင်ခင်တွင် အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၁၀၀ နီးပါးကို လှူဒါန်းခြင်း သို့မဟုတ် ရောင်းချခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြည်ပတင်ပို့မှုကို ပြန်လည်စတင်ခြင်း ကြေငြာချက်သည် ယခုသီတင်းပတ် ဝန်ကြီးချုပ်မိုဒီ၏ ဝါရှင်တန်ခရီးစဥ် နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံများပါဝင်သော Quad ထိပ်သီးအစည်းအဝေး၌ ၎င်းကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးနိုင်ချေရှိမည်ဟု ထင်မြင်ရပါသည်။

အိန္ဒိယနိုင်ငံသည် ဒီဇင်ဘာလတွင် အသက်အရွယ်ကြီးရင့်ပြီးသူ လူဦးရေ ၉၄၄ မီလီယမ်ကို ကာကွယ်ဆေးထိုးနှံ ရေးကို ဆောင်ရွက်လိုပြီး အဆိုပါလူဦးရေအနက်မှ ၆၄ ရာခိုင်နှုန်းကို အနည်းဆုံးတစ်ကြိမ်နှင့် ၂၂ ရာခိုင်နှုန်းကို နှစ်ကြိမ်အထိ ထိုးနှံရေးကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းသည် ယမန်လမှစတင်၍ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူဖြစ်သည့် အိန္ဒိယနိုင်ငံ၏ Serum အင်စတီကျုသည် AstraZeneca ကာကွယ်ဆေး ထုတ်လုပ်နှုန်းကို ဧပြီလမှစတင်၍ တစ်လလျှင် အလုံးရေ ၂၀၀ မီလီယမ်အထိ မြင့်တက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများသည် တစ်နှစ်လျှင် ကိုဗစ် ၁၉ ကာကွယ်ဆေး ၃ ဘီလီယမ်နီးပါး ထုတ်လုပ်နိုင်ရန်အတွက် စွမ်းဆောင်ရည်ကို သတ်မှတ်ထားရှိပြီးဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – The Straits Times

Photo – ရိုက်တာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.