မော်လမြိုင် ၊ စက်တင်ဘာ (၁၄)
မွန်ပြည်နယ်တဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေလို့ အမျိုးသားညီညွှတ်ရေးအစိုးရမှ ဖြည့်ဆည်းပေးဖို့ လှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ မြို့နယ်အလိုက် PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြပါတယ်။
စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ဖောက်ခွဲတာတွေ အပါအဝင် သတင်းပေးတွေနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား လုပ်ကြံသတ်ဖြတ်တာတွေကို ယခုလပိုင်းမှာ PDF တွေက ခပ်စိတ်စိတ် လုပ်ဆောင်ခဲ့ကြပါတယ်။
အဲ့ဒီလို စစ်ဆင်ရေးတွေကို လက်နက် မပြည့်မစုံနဲ့ ပြုလုပ်နေရတဲ့အတွက် NUG အနေနဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့ PDF အဖွဲ့တွေက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
“ကိုယ့်မှာရှိတဲ့ လက်နက်အနေအထားနဲ့ တိုက်ခိုက်မှု ပြုလုပ်သော်လည်းကောင်း၊ လှုပ်ရှားမှု ပြုလုပ်သော်လည်းကောင်း ဘယ်လိုလက်နက်ကို ရွေးချယ်ရင် အဆင်ပြေမလည်း အန္တရာယ်ကင်းမလဲပေါ့။ အဓိက ပြသနာက ဒီလက်နက်ပဲ ပြသနာ ဖြစ်နေတာ” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောအယ်မူးတူးက ပြောပါတယ်။
အခုလို အခြေအနေတွေကြောင့် PDF တပ်ဖွဲ့တွေ အင်အားတောင့်တင်းဖို့အတွက် NUG နည်းတူ ပြည်သူတွေမှလည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံပါတယ်။
“လက်နက်မပြည့်လည်း ကျွန်တော်တို့ နိုင်သလောက် လှုပ်ရှားမယ်ပြီးရင် တဖြေးဖြေးကျွန်တော်တို့တွေ အင်အားတိုးလာမယ်၊ အင်းအားတိုးလာဖို့က ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေ EAO တွေရဲ့ ထောက်ပံ့မှုတွေ အများကြီး လိုအပ်တယ်ပေါ့ NUG အစိုးရက ကျွန်တော်တို့ကို ပိုထောက်ပံ့ပေးချင်တာပေါ့ ” လို့ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ ကိုဒေါင်းသွေးနီက ပြောပါတယ်။
အမျိုးသားညီညွှတ်ရေး အစိုးရကတော့ အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်တော့မယ်လို့ စက်တင်ဘာလ ၇ ရက်နေ့မှာ အရေးပေါ်ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ပြည်နယ်တဝှမ်းမှာ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုတွေကို ပြုလုပ်သလို လုံခြုံရေး စစ်ဆေးတာတွေကိုလည်း တင်းကျပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၂)ရက်နေ့မှာ ရေးမြို့မှာ လုံခြုံရေးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက အနီးကပ် ဓားဖြင့်ထိုးပြီး လုပ်ကြံခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်